တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ခရူတောရပ်ကွက်မှာ လင်မယား ၂ ဦး စကားများ ခိုက်ရန်ဖြစ်ပွားရာက အမျိုးသမီးဖြစ်သူ ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ပရဟိတအဖွဲ့နဲ့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဇူလိုင် ၆ ရက် ည ၇ နာရီခွဲလောက်မှာ လင်မယား ၂ ဦး ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အမျိုးသားဖြစ်သူက ဓားနဲ့ထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အမျိုးသမီးဖြစ်သူမှာတော့ ဓားဒဏ်ရာကြောင့် ဆေးရုံကိုပို့ဆောင်စဥ် သေဆုံးသွားတာလို့ ချစ်ကြည်ရေး ပရဟိတအဖွဲ့က ပြောပါတယ်။
ရပ်ကွက်နေပြည်သူတဦးက “မိန်းမက ကားရောင်းပစ်လိုက်လို့ ယောကျ်ားက ပိုက်ဆံလာတောင်းတာ မပေးလို့ဆိုတဲ့၊ အဲ့ဒါ မတင်မကျဖြစ်ပြီးတော့ ဓားနဲ့ထိုးသတ်လိုက်တာတဲ့” လို့ ပြောပါတယ်။
အဆိုပါ အမျိုးသားမှာ အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးတိမ်းရှောင်ပြီးနောက် မြိတ်မြို့ရှိ ငါးလေလံစျေးဘက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ပြီးတဲ့တဲ့ ဇူလိုင် ၃ ရက် ည ၉ နာရီလောက်ကလည်း မြိတ်မြို့ ရေကန်ဘောင်မှာ ချစ်သူစုံတွဲ ၂ ဦးကို အမည်မသိလူ ၂ ဦးက ခြိမ်းခြောက်ငွေညှစ်ရာက အမျိုးသားဖြစ်သူ သော်ဇင်ထွန်းမှာ ဓားထိုးခံရကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။