စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာက ဒေသခံ ဦးဖိုးလုံးကို မြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၃ ရက်က ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဦးဖိုးလုံးကို စစ်ကောင်စီဘက်က PDF သင်တန်းတွေ တက်ရောက်ခဲ့ပြီး ကျေးရွာအဝင်အထွက်တွေမှာ ကင်းစောင့်ပေးခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
အင်းကျော်ရွာခံတဦးက “၃ လပိုင်းတုန်းက တမှုနဲ့ ၂ နှစ်ချခံရတာ။ အခုက နောက်ထပ်တမှု တိုးတယ်ကြားတယ်။ ရွာကို စစ်သားတွေဝင်တုန်းက ရွာနားက တောမှာ တောင်ယာလုပ်နေချိန် အကြောင်းမဲ့ ဖမ်းခံခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဦးဖိုးလုံးကို မတ် ၁၅ ရက်က CDM လှုံ့ဆော်မှုနဲ့ စစ်ကောင်စီဘက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် ထပ်မံ တရားစွဲဆိုခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေက ဦးဖိုးလုံးကို ဖေဖော်ဝါရီ ၈ ရက်က ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့စဉ် ကျေးရွာနားက ယာတောထဲမှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။