မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
တပ်အင်အား ၁၀ ဦးကျော် တပ်စွဲနေထိုင်တဲ့ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို မနေ့ ဇူလိုင် ၆ ရက် မနက် ၁၁ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ရေးပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့တာပါ။
စခန်းကုန်း ဝင်ရောက်စီးနင်းစဉ်အတွင်း စစ်ကောင်စီဘက်က သေနတ်ကျည်တချက်သာ ဖောက်ပြီး ထွက်ပြေးသွားတဲ့အတွက် စခန်းကုန်းကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီး ဝင်စီးတာ၊ သူတို့ဘက်က ပြန်လည်ခုခံတာ မရှိဘဲ ထွက်ပြေးသွားတယ်၊ တာဝါတိုင်စခန်းကုန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြောပါတယ်။
ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်း ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီထံကနေ ရှေ့ထွက်မိုင်းတွေ၊ လက်ပစ်ဗုံးတွေ အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ညပိုင်းအချိန်မှာ လုပ်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို မျက်မြင်အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းဟာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၂၉၉ တပ်ရင်းနဲ့ ၁ မိုင်အကွာမှာသာ ရှိပေမဲ့ စစ်ကောင်စီဘက်က စစ်ကူလာရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ခမရ ၂၉၉ တပ်ရင်းကနေ မနက် ၃ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်း အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မြို့နယ်တခုဖြစ်ပြီး ပြည်ထောင်စုလမ်းပိုင်းတချို့နဲ့ နေရာဒေသတချို့ကို စစ်ကောင်စီဘက်က လက်လွှတ်လာရတာ ဖြစ်ပါတယ်။