အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရဲ့ မြောက်ပိုင်းရှိ ဂျန်နင်းန်မြို့မှာ အစ္စရေးရဲ့တိုက်ခိုက်မှု အခြေအနေတွေကို ဆွေးနွေးဖို့ အာရပ်အဖွဲ့ချုပ်ဟာ ဇူလိုင် ၄ ရက်က ကိုင်ရိုမှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ စီးနင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၀ ဦး သေဆုံးကာ ၁၀၀ လောက် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၂၀ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပါလက်စတိုင်းပြဿနာဟာ အာရပ်နိုင်ငံတွေရဲ့ အဓိကအချက်ဖြစ်ပြီး အာရပ်နိုင်ငံတွေဟာ ပါလက်စတိုင်းတွေရဲ့ သီးခြားရပ်တည်ဖို့ ခွဲထွက်လို့မရနိုင် ဖြစ်နေတဲ့ အခွင့်အရေးတွေကို ပူးတွဲထောက်ခံသွားမယ်လို့ ဆွေးနွေးပွဲက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ၁၉၆၇ ခုနှစ် နယ်နိမိတ်ကို အခြေခံပြီး အရှေ့ဂျေရုဆလင်ကို သူ့ရဲ့မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ လွတ်လပ်သောပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့ပြီး ပါလက်စတိုင်းကို ရာနှုန်းပြည့် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ကြေညာချက်ဟာ အစ္စရေးရဲ့ ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ ပါလက်စတိုင်း ပြည်သူတွေအတွက် နိုင်ငံတကာက အကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
ဂျန်နင်းန်မြို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း ဒုက္ခသည်စခန်းကနေ လူထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်လာကြပြီး စခန်းနဲ့ အလှမ်းဝေးတဲ့နေရာမှာ ခိုလှုံခဲ့ကြပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ဟာ အစ္စရေးရဲ့ ရန်လိုတိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ ဆက်ဆံရေး၊ အစည်းအဝေးတွေနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂျန်နင်းန်မြို့နဲ့ ဂျန်နင်းန် ဒုက္ခသည်စခန်း ဧရိယာမှာ အကြမ်းဖက်မှု တန်ပြန်ရေး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုကို စတင်ခဲ့ပြီး အကြမ်းဖက် အခြေခံ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source - Reuters