Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ပြည်သူတဦးအား ပစ်သတ်
DVB
·
July 6, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ အမြန်ယာဉ် မော်တော်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တို့ ဇူလိုင် ၅ ရက် မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ချင်းတွင်းမြစ်ကမ်းဘေး ဆာလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် ပြည်သူ့နေအိမ်တွေနဲ့ ထရန်စဖော်မာတလုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ချင်းတွင်းမြစ်အတွင်းကနေ စုန်လာတဲ့ စစ် (-) အမြန်ယာဥ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးကြိုတိုက်ခိုက်ခဲ့တာ။ (-) တွေဘက်က အထိနာပြီး သူတို့ မနိုင်တော့ ကျေးရွာတွေဘက်စီ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေလုပ်တယ်။ သူတို့ မုံရွာ ကစခ တွေကို စစ်ကူတောင်းလို့ ထင်တယ်၊ ၁၀ နာရီလောက်ရောက်တော့ မုံရွာ အုန်းပင်ဆိပ်ကမ်းကနေ နောက်ထပ်အမြန်ယာဥ်တစီးနဲ့ စစ်ကူရောက်လာတယ်ဗျ။ အဲမှာလည်း တိုက်ပွဲက ထပ်ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တယ်။ ကျနော်တို့ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးနေရတယ်။ အခုညနေခင်းအထိ အိမ်ကိုမပြန်ရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းသွားသလို ဆားလင်းကြီးမြို့ပေါ်ကနေ  စစ်ကောင်စီတပ်တွေ စစ်ကူလာရောက်တာ ရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“မြစ်ကြောင်းထဲက (-) တွေကတော့ (-) သေ၊ (-) သေပဲ။ အသေစာရင်းအတိကျတော့ ကျနော်တို့မပြောနိုင်ဘူး။ အဲလိုသေလို့လည်း စခတွေဘက်က စစ်ကူတွေ အများကြီးလာတာပေါ့။ ဆားလင်းကြီးက စက်မှု ၁ က ထွက်လာတဲ့ (-) တွေကတော့ ဆားခါးရွာကိုရောက်ရှိလာပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်ဗျ။ အဲဒီဖမ်းဆီးထားတဲ့ ပြည်သူထဲက တဦးကို ပစ်သတ်ခဲ့သေးတယ်။ သေတဲ့သူက အမျိုးသား ၂၇ နှစ်ပါဗျ။ အဲဒီရွာကနေ အထက်ကစုန်လာတဲ့ စစ်ကောင်စီ အမြန်‌မော်တော်တွေ စောင့်ပြီး နေ့ခင်းပိုင်မှာ အဲဒီမော်တော်ပေါ် တက်လိုက်သွားတယ်။ မော်တော်ပေါ်ကနေထပ်ပြီး ပစ်ခတ်လို့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦး လက်မောင်းကျည်ထိမှန်တာတွေလည်း ရှိခဲ့တယ်” လို့ ‌ဆားလင်းကြီးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကို ဆက်သွယ်ရေးဖုန်းလိုင်းတေါ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းတဲ့ စစ်ကောင်စီအမြန်မော်တော်တွေဟာ ကံနိမ့်ကုန်း ပျုရွာကို ရိက္ခာနဲ့ စစ်သားအင်အားဖြည့်တင်းဖို့ရာ သွာရောက်တာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇူလိုင် ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက်ကလည်း  မုံရွာမြို့နယ်၊ အမြင့်မြို့ဟောင်းဘက်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ အကြမ်းစစ်တပ်ရဲ့ ရေယာဉ်ကို မုံရွာခရိုင် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ဖွဲ့က ပြောပါတယ်။

“အမြင့် မြို့ဟောင်းဘက်ကနေ အထက်ဘက်ကို မိုးတအားရွာနေချိန် အကြမ်းဖက်စစ်တပ်ရဲ့ Speed boat နဲ့ ဖလက်ခွံမော်တော်ကို ည ၇ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်တပ်ဘက်ကလည်း စက်သေနတ်နဲ့ ပြန်ပစ်တယ်။ ထိခိုက်မှုမရှိ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မိုးသည်းနေတော့ မသိရဘူး။ ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့ ထိုးစစ်တိုက်နေတာမို့ လက်နက်ခဲယမ်းများစွာ လိုအပ်နေတယ်” လို့ Chindwin Attack Force) တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီ ကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024