ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်၊ ဇီးဖြူကုန်း ရဲစခန်းနဲ့ လောင်းကစားဝိုင်းတွေ တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး၊ ပျူစောထီး ၃ ဦး သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဇီးဖြူကုန်းတိုက်နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးဖြူကုန်းနေသူတယောက်က “၄ ရက်နေ့ ညက ၉ ယောက်ဖမ်းတယ်၊ ၅ ရက်နေ့က ၅ ယောက် ထပ်ဖမ်းတယ်၊ အခုမနက်မှာ ၂ ယောက်ထပ်ဖမ်းတယ်။ နောက်ထပ်လည်း ဖမ်းထားတယ်တော့ ကြားသေးတယ်၊ စာရင်းမရသေးလို့။ အခုဖမ်းထားတဲ့ ၁၆ ယောက်ကတော့ ဇီးဖြူကုန်းတိုက်နယ်ထဲက အောင်မင်္ဂလာ၊ လုလင်ကျော်ကလူတွေ၊ အများစုက NLD လူဟောင်းတွေချည်းပဲ၊ အမျိုးသမီး ၄ ယောက်ပါတယ်၊ NLD အမှုဆောင်ဟောင်း တယောက်လည်း ပါတယ်” လို့ ပြောပါတယ်။
ဇီးဖြူကုန်းရဲစခန်းဟာ လက်ပံတန်းမြို့နဲ့ ၃ မိုင်ခန့်ဝေးပြီး တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်ခိုင်နဲ့ ဒေသခံ ပျူစောထီး ၃ ဦး သေဆုံးပြီး ပျူစောထီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွက် ဒေသခံ PDF တပ်ဖွဲ့တခုဖြစ်တဲ့ ခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (လက်ပံတန်းမြို့နယ်ပကဖ၊ ရွှေတန်းမြေ PDF) နဲ့ The Sentry မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပျူစောထီးတွေ ဦးဆောင်ပြုလုပ်နေတဲ့ ဇီးဖြူကုန်း မီးရထားဘူတာအနီး လောင်းကစားဝိုင်းကို ဇူလိုင် ၁ ရက် ည ၁ နာရီလောက်မှာ တပြိုင်နက် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Bago Region PDF အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခုဖမ်းထားတဲ့သူတွေက ဒေသခံ ပျူစောထီးတွေကပဲ သူတို့နဲ့အဆင်မပြေတဲ့သူတွေရဲ့ နာမည်တွေကို စာရင်းပေးဖမ်းခိုင်းတာဖြစ်ပြီး လောလောဆယ် သူတို့ကို သာယာဝတီမြို့မှာ စစ်ကြောရေးလုပ်နေတယ်လို့ သာယာဝတီမြို့ခံတယောက်က ပြောပါတယ်။