အမေရိကန်ရေတပ်ဟာ ဇူလိုင် ၅ ရက်က အိုမန်ပင်လယ်ကွေ့မှာ စီးပွားဖြစ် ရေနံတင်သင်္ဘော ၂ စင်းကို အီရန်က သိမ်းပိုက်မှုကနေ တားဆီးဖို့ ကြားဝင်ဟန့်တားခဲ့တယ်လို့ ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းက အဲဒီဧရိယာအတွင်း သင်္ဘောတိုက်ခိုက်ခံရမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အထဲက နောက်ဆုံးဖြစ်ရပ်လို့လည်း ဆိုပါတယ်။
အမေရိကန်ရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ဘဟားမားစ်အလံတင် ရေနံတင်သင်္ဘော ရစ်ချ်မွန် ဗွိုင်ယေဂျာဟာ အိုမန်နိုင်ငံ မတ်စ်ကပ်တ်ကမ်းလွန် မိုင် ၂၀ ကျော် အကွာမှာ ရှိပြီး နိုင်ငံတကာရေပိုင်နက်ကို ဖြတ်သန်းနေချိန်မှာ ဘေးဒုက္ခတွေ့လို့ အကူအညီတောင်းခံတဲ့ ခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“တခြား အီရန်ရေတပ်သင်္ဘောတစင်းက ရစ်ချ်မွန် ဗွိုင်ယေဂျာ သင်္ဘောနဲ့ တမိုင်လောက် အကွာမှာ ပိတ်ထားပြီးတော့ ရေနံတင်သင်္ဘောကို ရပ်တန့်ဖို့ အမိန့်ပေးနေတာဖြစ်ပြီး အမေရိကန် ရေတပ်သင်္ဘော ယူအက်စ်စ် မက်ဖှောင်းလ်ဟာ အမြင့်ဆုံးမြန်နှုန်းနဲ့ အဲဒီကို ခုတ်မောင်းသွားခဲ့တာ” လို့ ရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မက်ဖှောင်းလ်သင်္ဘော မရောက်ခင်လေးမှာပဲ အီရန်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေနဲ့ အမှုထမ်းတွေကိုင်ဆောင်တဲ့ လက်နက်တွေနဲ့ပါ အချိန်အတော်ကြာ ပစ်ခတ်မှုအများအပြား လုပ်ဆောင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။
ရစ်ချ်မွန် ဗွိုင်ယေဂျာ ရေနံတင်သင်္ဘောမှာ အသေအပျောက်လည်း မရှိ၊ ထူးထူးခြားခြား ပျက်စီးမှုလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း သင်္ဘောသားတွေရှိနေတဲ့ နေရာတွေအနီးမှာ သင်္ဘောရဲ့ကိုယ်ထည်ကို အကြိမ်ကြိမ် ထိမှန်ခဲ့ပါတယ်။
အမေရိကန် ရေတပ်သင်္ဘော မက်ဖှောင်းလ် ရောက်သွားချိန်မှာ အီရန်ရေတပ်သင်္ဘောက ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အမေရိကန် အဓိက ရေနံကုမ္ပဏီကြီး ချီဗရွန်ကတော့ ရစ်ချ်မွန် ဗွိုင်ယေဂျာ သင်္ဘောကို လည်ပတ်လုပ်ကိုင်နေကြောင်း အတည်ပြုခဲ့ပြီး သင်္ဘောပေါ်ရှိ သင်္ဘောသားတွေလည်း ဘေးကင်းပြီးတော့ သင်္ဘောဟာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်းလည်း ပြောပါတယ်။
အီရန်အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် တစုံတရာ မပေးသေးကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Source - Reuters