Home
မြန်မာသတင်း
ကလေးတောင်ပိုင်းတွင် ဗုံးခိုကျင်းများ တူးကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
DVB
·
July 5, 2023

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက မေလလလယ်ပိုင်းကစတင်ပြီး အခုအချိန်ထိ လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဗုံးခိုကျင်းတွေတူးကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့တွင်း စစ်ဌာနချုပ်အသီးသီးနဲ့ စစ်ဆေးရေးဂိတ်တွေကနေ မြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ ကလေးငယ်တွေ လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကလေးနယ်က ဒေသခံတွေအနေနဲ့ ဗုံး ခိုကျင်းတွေကို စနစ်တကျနဲ့ တူး‌ကြ‌စေချင်တယ်။ ကလေးနယ်မှာ စစ်ရေးအရှိန်က တဖြည်းဖြည်း မြင့်တက်လာတယ်ဗျ။ စကစရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ပစ်ခတ်တာတွေလုပ်ရင် ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းလို့ ရတာပေါ့နော်။ လက်နက်ကြီးနဲ့ ထိမှန်လို့ သေဆုံးတဲ့ ပြည်သူတွေလည်း များနေပြီ" လို့ ကလေးမြို့နယ်တော်လှန်ရေးအင်အာစုအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

လက်နက်ကြီး အများဆုံးကျရောက်တဲ့ ကလေးနယ်တောင်ပိုင်း ကျေးရွာအချို့မှာတော့ ပြည်သူလူထုဆီက အလှူငွေအချို့နဲ့ ဗုံးခိုကျင်းတွေ အနည်းငယ်တူးပေးထားနိုင်ပေမဲ့ ကျေးရွာက လူတွေကို လုံလောက်အောင် မတူးပေးနိုင်သေးဘူးလို့ ပြောပါတယ်။

ဒီဗွီဘီက ပြုစုထားတဲ့အချက်အလက်တွေအရ ဇွန်လ ၁ လအတွင်း ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ် တာဟန်းရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတွေမှာ အသက်မပြည်‌သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါ‌တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်အများဆုံးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဇွန်လအတွင်း ဗုံးခိုကျင်း ၃၃၉ ကျင်း တူးဖော်ပေးခဲ့ပြီး နိုင်ငံတဝန်း ဗုံးခိုကျင်းစုစုပေါင်း ၁၁၇၅ ကျင်း တူးဖော်ပေးထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024