ဘရာဇီး နာမည်ကြီးဘောလုံးသမား နေမာဟာ နိုင်ငံအရှေ့တောင်ပိုင်းမှာ သူ့ရဲ့ ကမ်းရိုးတန်းအိမ်ကြီးကို ဆောက်လုပ်ချိန်မှာ သဘာဝပတ်ဝန်းကျင် စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဘရာဇီးငွေကြေး ရီယေးစ် ၁၆ သန်း ဒဏ်ငွေရိုက်ခဲ့တယ်လို့ ဘရာဇီး အာဏာပိုင်တွေက ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။
နေမာရဲ့နေအိမ်ဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းရှိ မန်ဂါရားတီဘာမြို့မှာ တည်ရှိပါတယ်။
နေမာရဲ့ ဇိမ်ခံအိမ်ဆောက်လုပ်မှုဟာ ရေချိုအရင်းအမြစ်တွေ၊ ကျောက်တွေနဲ့ သဲတွေကို အသုံးပြုတာနဲ့ ရွှေ့ပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ပထမဆုံး စွပ်စွဲခဲ့ပြီး တနင်္လာနေ့မှာတော့ အတည်ပြုခဲ့ပါတယ်။
နေမာရဲ့ ဇိမ်ခံစံအိမ်မှာ ရေကန်အတု ဆောက်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တာလို့ မန်ဂါရားတီဘာမြို့ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တနင်္လာနေ့မှာ ကြေညာပါတယ်။
ဒဏ်ကြေးငွေအပြင် အမှုကို ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံး၊ ပြည်နယ် အရပ်ဘက်ရဲတပ်ဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့ အပါအဝင် တခြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက စစ်ဆေးဦးမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ နေမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့ပါတယ်။