Home
မြန်မာသတင်း
စစ်အုပ်စုက မတရားပုဒ်မတပ် ထောင်ချခဲ့သည့် ကျောင်းသား ၁၄၀ ခန့်ရှိလာ
DVB
·
July 4, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၇၄၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၆၇၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၃၁၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၆၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၆၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ကျောင်းသူ ၃၁ ယောက်နဲ့ ကျောင်းသား ၁၀၇ ယောက်၊ စုစုပေါင်း ၁၃၈ ယောက် ရှိလာပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက ၆၅ ယောက်နဲ့ အများဆုံး ပါဝင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌဖြစ်တဲ့ စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနက တတိယနှစ်ကျောင်းသား ကိုထက်ပိုင်စိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။ ကိုထက်ပိုင်စိုးကို တော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024