Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ ရွာအချို့ကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ပေါင်းတည်တွင် စစ်တပ် မိုင်းဆွဲခံရ
DVB
·
July 4, 2023

မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ခမရ ၂၀၇ အမြောက်တပ်က ဝင်းကလောလမ်းဆုံ ကနေပြီး ဇူလိုင် ၃ ရက် မနက် ၁၀ နာရီခွဲက  လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဆောင်နိုင်ကြီး ကျောင်းက သံဃာတပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပစ်ခတ်တာဟာ  ရတခတိုင်းမှုး ရောက်ရှိနေလို့ လမ်းကြောင်းရှင်း ပစ်ခတ်တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ဟာ ဘုန်းကြီးကျောင်း အပြင် ဒေသခံတွေရဲ့ ခြံတွေထဲ ကျရောက် ပေါက်ကွဲ ခဲ့သလို ဘုရာစေတီတွေအပါအဝင် ဘာသာရေးအဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပေမဲ့ အရေအတွက် အတိကျကိုတော့  အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အလားတူ ဇွန် ၂၈ ရက်ကနေ ဒီနေ့အထိ မွန်ပြည်နယ်၊ ဝင်းရေးမြို့နယ်က ရွာတွေဖြစ်တဲ့ ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနဲ့ ငြိမ်းချမ်းမြိုင်ရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU အုပ်ချုပ်နယ်မြေ၊ ဒူပလာခရိုင်  အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းက ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒေသခံတဦးက "စစ်တပ်က တိုက်ခိုက်ခံရပြီးဆို အဲဒီအနီးနားဝန်းကျင်တွေကို လက်နက်ကြီးနဲ့ ပစ်တာရှိတော့ လူတွေထိခိုက်ကြ၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးကြတာဆိုတော့ ရွာမှာဘယ်သူမှ မနေရဲကြဘူး”လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေအနေနဲ့ အခုအခါ စားဝတ်နေရေး ခက်ခဲလာသလို နေ့စဉ် မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၃ ရက် မနက် ၁၀ နာရီမှာတော့ သိမ်ဇရပ်မြို့၊ စက္ကူစက်ရုံ အနီးရှိစစ်တပ်ဂိတ်ကို LPDF တွေက သွားရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားကာ ပျူစောထီး ဦးမြင့်ဇော် သေဆုံးခဲ့ပြီး စစ်သားတွေ ဒဏ်ရာရတာ ရှိနိုင်တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ခမရ ၂၀၇ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို နေ့လယ် ၂ နာရီခွဲအထိ ပစ်ခတ်ခဲ့တာကြောင့်  စက္ကူစက်ရုံအနောက်က စစ်ကွင်းကျေးရွာနေ  အဘွားအို တယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ည ၇ နာရီကျော်က ကျိုက်ထိုမြို့နယ် အင်္ဂဘိုလ်ကျေးရွာမိုင်တယ်တာဝါတိုင် လုံခြုံရေး အဖွဲ့ ကို  ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့  တော်လှန်ရေးပူးပေါင်းအဖွဲ့ကနေ သိရပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်က သမင်အင်းကုန်းရွာနဲ့ ရေးတွင်းကုန်ရွာ တွေမှာ စစ်တပ်နဲ့  KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်တွေမှာ တိုက်ပွဲ တကြိမ်စီဖြစ်ခဲ့ရာမှာ စစ်တပ်က ၁၀ ဦး‌ သေပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

လတ်တလော ကျောက်တံခါးမြို့နယ်ထဲမှာတော့  ခမရ ၃၀၇၊ ပိန်းဇလုပ် ခမရ ၂၆၄ တပ်တို့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုး ကင်းလှည့်နေတာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဇူလိုင် ၃ ရက် မနက် ၈ နာရီ ၁၅ မိနစ်က  ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့က မြို့အဝင်/အထွက် ဆိုင်းဘုတ်မှာ ချိတ်ဆွဲထားတဲ့ “တစ်တိုင်းညီ တစ်ပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ ပွဲ" ဆိုတဲ့ စာသားပါ ဗီနိုင်းလာဖြုတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည် ပကဖ တွေက ပြောပါတယ်။

ပေါင်းတည်မြို့နယ်မှာပဲ ဇူလိုင် ၂ ရက် မနက် ၈ နာရီလောက်က ရစ်မတောင် မြောက်ဘက်ကြောပေါ်ရောက်လာတဲ့ စစ်ကြောင်းကို မိုင်းကွင်းထဲအရောက် မိုင်းဆွဲခဲ့တာကြောင့် ၃ ယောက် ဒဏ်ရာရသွားပြီး လက်ငယ်တွေနဲ့ စစ်တပ်က ပြန်ပစ်ပေမဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာမှ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာမှ ထွက်လာသော အင်အား ၂၀ ကျော်ပါ စစ်ကြောင်းတို့ပေါင်းပြီး ရစ်မတောင်ဘက် စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတွေ ထိတွေ့တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာနေပြီး တောင်ပိုင်းစစ်ဒေသဘက်က စစ်ကောင်စီတပ်တွေကို စစ်ရေးအရှိန်မြှင့်ပြီး တန်ပြန် တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024