Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် မြန်မာအမျိုးသမီးအလုပ်သမားများ အကြမ်းဖက်ခံရမှု အဆိုးရွားဆုံး ကြုံနေရ 
DVB
·
July 4, 2023

စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြုံရပြီး နိုင်ငံတော်အာဏာကို တရားမဝင် လုယူထားတဲ့ စစ်အာဏာရှင်လက်ထက်မှာ ဥပဒေကြောင်းအရ အရေးပေးယူနိုင်မှု နည်းပါးတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

အမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အန္တရာယ်ရှိတဲ့ ရိုးရာ အလေ့အထတွေ၊ လူမှုစီးပွားရေး အကြမ်းဖက်မှု စတဲ့ အကြမ်းဖက်ခံရမှု ၅ မျိုးစလုံးကို နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ အခြေအနေ ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အမျိုးသမီး ကော်မတီ တာဝန်ခံ မခင်သန္တာမိုးက"တရားဥပဒေအရကတော့ ကျမတို့ ဖြေရှင်းလို့ မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒီအချိန်မှာက စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် ဘာမှ လုပ်မရတဲ့ အခြေအနေဖြစ်နေတယ်။ အမေ့ထားခံရတဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေက ခေတ်အဆက်ဆက်မှာ အဆိုးဆုံး ဖြစ်နေတယ်။ အဆိုးဆုံးက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုတွေကို စက်ရုံ အလုပ်ရုံတွေမှာ နေ့စဉ်နဲ့အမျှ ခံစား ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေ ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒါမျိုးတွေက ပိုပြီး ကျူးလွန်လာကြတယ်”လို့ ပြောပါတယ်။

တခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီး အလုပ်သမားတွေရဲ့ ပါဝင်မှုက ၇၀ ရာခိုင်နှုန်းကနေ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်ထိ ရှိပြီး လုပ်ငန်းခွင်တွင်း အကြမ်းဖက်ခံရမှုနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကလည်း အဆိုးဆုံး ကြုံနေရပါတယ်။

မခင်သန္တာမိုးက “ကိုယ်ထိလက်ရောက် ဖိနပ်နဲ့ ပစ်ပေါက်တာတို့၊ ကပ်ကြေးတွေနဲ့ ထိုးတာတို့ ဒါတွေဆို ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာဆို ရိုးရိုးတန်းတန်း ခိုင်းလို့ရရဲ့လားနဲ့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေက စက်ရုံ အလုပ်ရုံတွေမှာ အမျိုးသမီးတွေ ကြုံနေရတဲ့ အခြေအနေတွေ ဖြစ်တယ်။ ဒီလို အကြမ်းဖက်ခံရမှုတွေကို လက်ရှိ လောလောဆယ်မှာတော့ ဖွင့်ပြောတာ တိုင်ကြားတာနည်းပါတယ်။ အမျိုးသမီးတွေ ယနေ့ တွေ့ကြုံခံစားနေရတဲ့ အကြမ်းဖက်မှုတွေက မေ့ထားခံရနေတယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်ရုံအလုပ်ရုံ အမျိုးသမီး အလုပ်သမားတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရမှု၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ ခြိမ်းခြောက်ခံရမှုတွေနဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်ရေးတွေ ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့တွေက ပြောပါတယ်။

STUM - သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက "အကြမ်းဖက်ခံရမှုလို့ ပြောရင် သူတို့က လုပ်ငန်းခွင်ထဲမှာ ဖိအားတွေနဲ့ အလုပ်လုပ်ရတာ ရှိတယ်။ ညဘက် OT ဆင်းရတာတွေမှာ မဆင်းချင်တာတွေ ရှိတယ်။ အဓိက လုံခြုံရေးအရပေါ့။ ညဘက် ပြန်မလွှတ်ဘူး စက်ရုံမှာ ဆင်းတယ်ဆိုပေမယ့် ကိုယ်စက်ချုပ်တဲ့နေရာမှာ အိပ်ရတာဆိုတော့ သူတို့အတွက် အဆင်မပြေဘူး။ ဒါက လုပ်အား အကြမ်းဖက်ခံရတာပေါ့။ ဒီလိုအကြမ်းခံရတာတွေ ဖွင့်ပြောတာရှိလားဆိုတော့ ကျမတို့ကို ပြောတယ်။ ဒါတွေ မလုပ်ချင်ဘူး။ ဒီလိုတွေ ရှိတယ်ပေါ့။ မလုပ်ရင် ဆဲတယ်ဆိုတယ်ပေါ့။ စိတ်ကို အကြမ်းဖက်တာပေါ့။ တချို့က အလုပ်ထုတ်ခံရမှာကြောက်တယ်။ လုပ်ငန်းခွင်ထဲမှာ ခွဲခြား ဆက်ဆံခံရမှာ ကြောက်တယ်။ သတ္တိရှိတဲ့သူတွေလောက်ပဲ ထွက်တိုင်တယ်"လို့ပြောပါတယ်။

အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ကိုယ်အကြမ်းဖက်ခံရတာဖြစ်ဖြစ် ကိုယ်ဥပဒေအရ ကျူးလွန်ခံရတာဖြစ်ဖြစ် ဒါမျိုးတွေ ကြုံလာရင် နှုတ်ဆိတ်နေတာ မဟုတ်ဘဲနဲ့ တုံ့ပြန်ဖို့ အလုပ်သမားအရေးလှုပ်ရှားသူက တိုက်တွန်းပါတယ်။ 

STUM တာဝန်ရှိသူတဦးက “ကိုယ်တိုင် ဥပဒေသိရင် ကိုယ်တိုင် တုံ့ပြန်၊ ကိုယ်တိုင် မသိရင် ဥပဒေနဲ့ နီးစပ်သူတွေ အကူညီတောင်းပြီး တုံ့ပြန်စေချင်တယ်။ မတုံ့ပြန်ဘူးဆိုရင် ကျူးလွန်တဲ့သူက ဒါက ကျူးလွန်လို့ရတယ် အမှန်တရားလို့ လက်ခံသွားလိမ့်မယ်။ လုပ်ငန်းရှင်တွေက ပြောတိုင်း HR က ပြောတိုင်း ကြိုက်တဲ့နေရာ သွားတိုင် ဥပဒေမရှိဘူးဆိုတာ မဟုတ်ဘူး။ အာဏာသိမ်းကာလမှာ အရေးမယူနိုင်ရင် တနေ့နေ့ တချိန်ချိန်မှာ ကျမတို့ တရားမျှတမှုကို ပြန်လည် ရယူဖို့လိုအပ်တယ်။ ကျမတို့က အချည်းနှီး လည်စင်းခံပေးလိုက်ဖို့ မဟုတ်ဘူးဆိုတာ အလုပ်သမားတွေကို မက်ဆေ့ချ် ပေးချင်တယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စက်ရုံ အလုပ်သမားတွေ ရရှိနေတဲ့ တရက် လုပ်အားခ ၄၈၀၀ နှုန်းထားက လက်ရှိ ကုန်ဈေးနှုန်းနဲ့ လုံးဝ လောက်ငှမှု မရှိဘဲ အလုပ်သမားတွေ၊ လုပ်ခလစာ တိုးတောင်းတဲ့ အလုပ်သမား ခေါင်းဆောင်တွေလည်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီး ဖိနှိပ်မှုတွေကို ခံနေရပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှု ၂၃ မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၆ မှု၊ စုစုပေါင်း ၅၉ မှု ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြီးခဲ့တဲ့ ဇွန်လအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာမှာ အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း စစ်တပ်က ကျူးလွန်တဲ့အမှုတွေ၊ အခြား လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်တာနဲ့ အရပ်သားအချင်းချင်းကြား ကျူးလွန်တဲ့ အမှုတွေကို အစီရင်ခံ ရေးသားထားပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့အတူ အမျိုးသမီးတွေအပေါ် ဖိနှိပ်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ နယ်ပယ် ကဏ္ဍအသီးသီးမှာ ဖိုဝါဒီ ကြီးစီးမှုတို့ကို တွန်းလှန် တိုက်ဖျက်ဖို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024