ဂျပန်နိုင်ငံ တိုကျိုမြို့လယ်ရှိ အဆောက်အအုံတခုမှာ ဇူလိုင် ၃ ရက်က သိသာထင်ရှားတဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ NHK နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ခဲ့ပေမဲ့လည်း အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အဆောက်အအုံက အပျက်အစီးတွေ လမ်းဆုံတခုပေါ် ပြန့်ကြဲသွားတဲ့အပြင် မီးခိုးငွေ့တွေ ထွက်ပေါ်လာတာကိုပါ တွေ့ရပါတယ်။
ဂျပန်မြို့တော်ရှိ ရှင်းဘာရှီ (Shinbashi) ဧရိယာထဲက အဆောက်အဦတခုရဲ့ ကြေမွပျက်စီးနေတဲ့ ဒုတိယထပ် ပြတင်းပေါက်တွေကနေ မီးခိုးငွေ့လုံးကြီးတွေ မြင့်တက်လာခဲ့သလို အထဲမှာလည်း မီးလောင်ကျွမ်းနေတာကို တွေ့ရပါတယ်။
မျက်မြင်သက်သေတွေကတော့ ဒီပေါက်ကွဲသံကြီးကို မကြားရသေးခင်မှာ ဓာတ်ငွေ့အနံ့ ရခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
ဒါပေမဲ့လည်း ဒီအဆောက်အအုံရဲ့ ပျက်စီးမှုအတိုင်းအတာက နည်းပါးပုံရပြီး မီးပျံ့နှံ့သွားတာမျိုး မရှိတာကိုပါ တွေ့ရပါတယ်။