မန္တလေးတိုင်း၊ မန္တလေး-ပြင်ဦးလွင်လမ်း ၁၇ မိုင်အနီး အိုးတလုံးအဆင်းလမ်းဘက် ရေချောင်းကူးတံတားဘေးရှိ ချောက်ထဲ တွဲကားတစီး ပြုတ်ကျပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းထံက သိရပါတယ်။
ဇူလိုင် ၃ ရက် မနက် ၅ နာရီခွဲမှာ ဂေါ်ဒန်ကျောက်တွေ တင်ဆောင်လာတဲ့ ၁၂ ဘီး တွဲကားဟာ အရှိန်လွန်ပြီး ချောက်ထဲပြုတ်ကျခဲ့တာပါ။
ယာဉ်ပေါ်ပါလာသူ ၂ ဦးထဲမှ ယာဉ်နောက်လိုက်ဟာ ကားပေါ်က ခုန်ဆင်းခဲ့ပြီး လက်ကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၃၀ အရွယ် ယာဉ်မောင်းဟာ ယာဉ်နဲ့အတူ ချောက်ထဲပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။
“သေတဲ့သူက ကျောက်တွေနဲ့ ပိမိနေလို့ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရပါတယ်” လို့ ကူညီခဲ့တဲ့ ပရဟိတသမားက ပြောပါတယ်။
သေဆုံးသူနဲ့ လူနာကို မန္တလေးပြည်သူ့ဆေးရုံကြီး ပို့ဆောင်ထားပါတယ်။