Home
မြန်မာသတင်း
ခရီးသွားဧည့်သည်နည်းပါးသဖြင့် ပုဂံဒေသခံ မြင်းလှည်းသမား စီးပွားရေးအခက်ကြုံ
DVB
·
July 3, 2023

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံမှာ  လက်ရှိ ပြည်တွင်းပြည်ပ ဘုရားဖူးလည်ပတ်သူတွေ နည်းပါးလာတာကြောင့် မြင်းလှည်းသမားတွေ စီးပွားရေးအဆင်မပြေတော့သလို့  ပြေးဆွဲနေတဲ့ မြင်းလှည်း အစီးရေဟာလည်း အရင်ကထက် တဝက်လောက် လျော့နည်းသွားတယ်လို့ ဒေသခံမြင်းလှည်းသမားတွေထံက သိရပါတယ်။

ပုဂံဒေသခံ မြင်းလှည်းဆရာတဦးက  “အရင်က နိုင်ငံခြားသားခရီးသွားတွေဆို မြင်းလှည်းကမပါမဖြစ်ဘဲ၊ အခုက အနည်းငယ်တော့ လမ်းမှာတွေ့တယ် ဒီမှာနေတာလား နိုင်ငံခြားက တိုက်ရိုက်လာတာလားတော့မသိဘူး၊ တော်တော်နည်းပါတယ်။ ခရီးသွားနည်းလာတော့ စီးပွားရေးက အဆင်မပြေတော့ဘူး၊ မြင်းလှည်းအစီးရေက အရင်ကထက် တဝတ်လောက် လျော့သွားတယ်၊ မြင်းစာဖိုးက နေ့တိုင်းကုန်လာတာရယ်၊ ဝင်ငွေကမရှိတာတွေကြောင့် မြင်းတွေ ဆက်ပြီး မမွေးနိုင်ကြတော့ဘူး” လို့ပြောပါတယ်။

အခုနှစ် မိုးရာသီမှာလည်း ပုဂံဒေသကို ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုတွေ နည်းပါးနေပြီး ဒေသခံတွေဟာ ခရီးသွားတွေကို မျှော်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ခရီးသွားဝင်ရောက်မှုတွေ နည်းပါးတာကြောင့် မြင်းလှည်းသမားတွေဟာ တခြားနယ်ထွက်ပြီး အလုပ်ပြောင်း လုပ်ကိုင်ရတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုဂံဒေသခံတဦးက“အခုက မြန်မာဘုရားဖူးလည်း အနည်းငယ်လာတယ်။ ပုဂံရောက်ရင် မြင်းလှည်းစီးလို့ လှတော့ စီးတဲ့သူရှိသလို အပျော်အနေနဲ့စီးတာလည်းရှိတာပေါ့။ ဒါပေမ့ ခရီးသည် အများစုက e-bike တွေ၊ သုံးဘီ:တွေကိုပဲ အဓိက စီးကြတာများတယ်။ လာတဲ့ခရီးသွား နည်းနေသေးတော့ မြင်းလှည်းနဲ့ လည်ပတ်တာက နေ့စဉ်လုပ်ငန်းတော့မဖြစ်ဘူး။ အခုလို အခက်အခဲတွေက ကြာလာတော့ တချို့တွေကတော့ နယ်ထွက်အလုပ် လုပ်လာကြတာပေါ့။ ပုဂံမှာ ကျ ခရီးသွားလုပ်ငန်းနဲ့ခွဲထွက်ပြီး တခြား အလုပ်လုပ်ဖို့ခက်တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့မှုကြုံရတဲ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်းပေါ်မှီခိုပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ ဒေသခံပြည်သူတွေရော လုပ်ငန်းရှင်တွေပါ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကပြည်တွင်း ခရီးသွားလုပ်ငန်းဟာ ကိုဗစ် မတိုင်ခင်က ခရီးသွားအရေအတွက် ပြန်ရောက်ဖို့ မလွယ် ဘဲ ၂၀၂၂-၂၀၂၃ အတွင်း ခရီးသွားလာမှုက ကိုဗစ် မတိုင်ခင်ကာလနဲ့ ယှဉ်ရင် ၅ ပုံ ၁ ပုံလောက်သာ ရှိမယ်တယ် လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်း ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024