Home
မြန်မာသတင်း
လက်ပံတန်း ဖဲဝိုင်းတွင် ပျူစောထီးနှင့်ရဲအချို့ ပစ်ခတ်ခံရ၊ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
July 2, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့မရဲစခန်းအနီး ဖဲဝိုင်းတခုမှာ  အရက်အတူတူထိုင်သောက်နေတဲ့  ပျူစောထီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ မနေ့ညက ပစ်ခတ်ခံရတာကြောင့် ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ပံတန်းမြို့မရဲစခန်းအရှေ့ရှိ ဇီးဖြူကုန်းကျေးရွာအတွင်း လိုင်းကြေးယူပြီး ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းမှာ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

"သေနတ်သံကို တောက်လျှောက်ကြားရတာ၊ ရဲစခန်းဝင်စီးခံရတယ်ထင်တာ မဟုတ်ဘူး၊ ဖဲဝိုင်းမှာ ပျူစောထီးတွေနဲ့ရဲတွေ အရက်သောက်နေတုန်း ပစ်သွားတာ။ ၄ ဦး သေတယ်၊ ၂ ဦးဒဏ်ရာရတယ်။" 

ပစ်ခတ်ခံရပြီး သေဆုံးသူတွေကတော့ ရဲတပ်ကြပ်ကြီးအောင်ခိုင်၊ ရဲတပ်ကြပ်ကျော်ကျော်မြင့်၊ ပျူစောထီးတွေဖြစ်တဲ့ လုလင်ကျော်ကျေးရွာမှ ဦးအေးမင်း၊ နှင်းဆီကုန်းဘူတာမှ ဦးကြည်လွင်တို့ဖြစ်ပြီး ဦးမောင်ညွန်နဲ့ ဦးချစ်ကိုတို့ ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရဲစခန်းမှာ အပစ်ခံရတယ်ထင်တာ၊ ဖဲဝိုင်းမှာ အပစ်ခံရတော့ သူ့အပြစ်နဲ့သူပဲ။ ဒီအချိန်မှာ ရဲတွေရော၊ ဌာနဆိုင်ရာရော မလိုအပ်ဘဲ အပြင်မထွက်ဖို့မှာထားတယ်။ အကုန်လုံးကို တပ်က လုံခြုံရေးမပေးနိုင်ဘူး ပြောပြီးသား။" 

အဆိုပါပစ်ခတ်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၁ ရက် ည ၁၀ နာရီလောက်မှာ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဇီးဖြူးကုန်းရွာအပါအဝင် မြို့ပေါ်ရပ်ကွက်အချို့နဲ့ မြို့မရဲစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024