Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်ကတောင်သူများ ဖရဲစိုက်ခင်းမြေတွင်  စပါးပြန်လည်စိုက်ပျိုး
DVB
·
July 2, 2023

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက  ကျေးရွာ တချို့မှာ ၂၀၁၇  ခုနှစ်တုန်းက တရုတ်ဖရဲစိုက်ခင်း အဖြစ် ငှားရမ်းခဲ့တဲ့ လယ်တွေမှာ  ၂၀၂၃ ခုနှစ်ကစပြီး စပါးကို ပြန်လည်စိုက်ပျိုးလာတယ်လို့ တောင်သူတွေ က ပြောပါတယ်။  

တရုတ်ဖရဲတွေကို မြောင်းဖော်ကာ ပလတ်စတစ်အုပ်ပြီး စိုက်ပေမဲ့ အဆင်မပြေတာကြောင့် နှစ်အနည်းငယ်သာစိုက်ပျိုးကြပြီး အခုနှစ်မှာ စပါးပြန်စိုက်ကြတာလို့  ဝိုင်းမော်မြို့ခံ တဦးက ပြောပါတယ်။ 

ဒေသခံတောင်သူ တဦးက "ဖရဲက တရာသီပဲ စိုက်တာ။  ပထမ ၂ နှစ် စပါးအရမ်းကောင်းတယ်။ တတိယနှစ်မှာတော့ စပါးစေ့ လှီပြီး စပါးကြိတ်ရင် အမှုန့်တွေ ဖြစ်သွားလို့ တကွင်းလုံး ဒုက္ခ ရောက်သွားတယ်"  လို့ ပြောပါတယ်။

ဝိုင်းမော်အထွက် မြစ်ကြီးနား- လိုင်ဇာကားလမ်းဘေးရွာတွေဖြစ်တဲ့ ခါးရှီ၊ အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ ၂နဲ့ ရွှေညောင်ပင်ကျေးရွာတွေက ဖရဲစိုက်ခင်းအဖြစ် ငှားရမ်းခဲ့သူတွေဟာ တတိယနှစ်ရဲ့ ခြောက်ခြားစရာ အဖြစ်အပျက်ကြောင့် တောင်ကြားတွေဖက်ထိ အဝေးကြီး တောင်ယာ သွားခုတ်ရ တဲ့ အနေအထားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အောင်မြေ ၁ က လူငယ် တဦးကတော့ "သတိထားမိသလောက်ဆို ဓာတ်မြေသြဇာတွေကို တနှစ်ထက် တနှစ် ဆတိုးပြီး ထည့်ပေးနေရင်းကနေ မြေဆီက လုံးဝပျက်စီးသလို ဖြစ်သွားတာ" လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ စပါးကို ပြန်စမ်းစိုက်တာဖြစ်ပြီး စပါးအထွက်နဲ့ ဆန်အနေအထားကို စောင့်ကြည့်ရမယ်လို့ ၅ နှစ်လောက်ဖရဲစိုက်ခဲ့သူ တဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ မျှော်လင့်ချက်များစွာနဲ့ ဧကရာချီတဲ့ လယ်ကွင်း တော်တော်များများက စိမ်းစို စပြုလာနေသလို ပြန်မပြင်နိုင်သေးတဲ့ လယ်စောင့်တဲလေးတွေနဲ့ ဆက်ပစ်ထားတဲ့ ဖုန်းဆိုးလယ်မြေတွေလည်းအများအပြား ရှိနေပါသေးတယ်။ 

၂၀၁၇ - ၂၀၁၈ ခုနှစ်တွေတုန်းက ဝိုင်းမော်တဝိုက် ကျေးရွာတွေဖြစ်တဲ့ လိုင်ဇာလမ်းမကြီးဘေးက ခါးရှီ၊ အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ ၂၊  ရွှေညောင်ပင်ကျေးရွာနဲ့ ခတ်ချို-တာလောကြီး လမ်းဘေးရွာတွေဖြစ်တဲ့ ခတ်ချို၊ စန်းကား တလျှောက် တာစန်းရွာ အလွန်ဘက်တွေထိ ဧကထောင်ချီတဲ့ တစ်သျူးငှက်ပျောစိုက်ခင်းတွေနဲ့အပြိုင် ဖရဲခင်းပြောင်းခင်းတွေကို အပြိုင် ငှားရမ်းစိုက်ပျိုးခဲ့ကြဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024