Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်အပေါ်  NUG ရှုတ်ချ
DVB
·
July 1, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက  ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဇွန် ၂၇ ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ရဟန်း ၁ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ယောက်ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ အရေးပါတဲ့ လူထုအဆောက်အဦးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

ပုလဲမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကို မျက်မြင်သက်သေတွေအနေနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်ကို ကွင်းကွက်ကွင်း ကွင်း ထင်ထင်ရှားရှား သက်သေထွက်ဆိုထားခဲ့ပြီး စစ်တပ်က ရုရှားတိုက်လေယာဉ်အမျိုးအစားတွေဖြစ်တဲ့ YAK-130 နဲ့ မြေပြင်ပေါ်ရှိသမျှကို ပစ်ခတ်တာတွေနဲ့ အတူ အင်အားပြင်းဗုံးတွေနဲ့ ညောင်ကုန်းရွာ၊ ချင်းပြစ်ရွာနဲ့ ပိတောက် ကုန်းရွာတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး သေကျေပျက်စီးမှု ကြီးကြီးမားမား ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က "ဇွန်လ ၂၇ ရက်နေ့ ညနေ ၃:၃၀ နာရီက ဂျက်ဖိုက်တာနဲ့ ညောင်ကုန်းဘုန်းကြီးကျောင်း အနီးကို ပထမအကြိမ် ဗုံးလာကြဲတာ၊ နောက် ၁၀ မိနစ်ခန့် အကြာ တကျော့ပြန်လာပြီး ဂျက်ဖိုက်တာနဲ့ ပစ်တာ၊ အိမ် ၁၃ လုံး မီးလောင်ပြီး ဦဇင်းတစ်ပါး ပျံလွန်မူပါတယ်၊ ပထမပြည်သူ ၈ ဦး သေဆုံးတယ်။ ‌ဒဏ်ရာရကြတဲ့ ၆ ဦးထဲမှ တစ်ဦးက ဆေးရုံရောက်မှ သေသွားတော့ ပြည်သူ ၉ ဦး သေဆုံးသွားတာပေါ့။ နွား ၂ ကောင်လည်း သေပါသေးတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်တွေက တမင်တကာပစ်မှတ်ထား အကြမ်းဖက်တဲ့ လုပ်ရပ်ဟာ လူ့အသက်ကို တန်ဖိုးမထားပဲ အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်နေတာဖြစ်ပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အကြမ်းဖက်စစ်တပ်က ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာကို ဖော်ပြနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ အလွန်ဆိုးရွားတာကြောင့် အပြည်ပြည် ဆိုင်ရာရဲ့ အာရုံစိုက်မှုနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဒီလိုဖြစ်စဉ်ဟာ အခုတကြိမ်သာ သီးခြားဖြစ်ပွားတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၇ လ တလျှောက်လုံး လူမျိုးတုံးသတ်ဖြတ်တဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေအပေါ် အကြိမ် ပေါင်း ၇၀ ကျော် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေထဲက တခုသာဖြစ်တယ်လို့လည်း NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

စစ်ကိုင်းတိုင်းကတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု အများဆုံးခံနေရတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်တုန်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူအစု လိုက်အပြုံလိုက်  သေဆုံးခဲ့တာပါ။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပါအ၀င် အရပ်သား ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးထိ ရှိခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ခုလိုရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းပေါ်တင် ဆက်လက်ကျူးလွန်နေတာက သူတို့ကျူးလွန်သမျှ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရတာကြောင့်ဖြစ်တယ်လို့လည်း ဒေါက်တာ ဆာဆာက ပြောပါတယ်။

အဲဒီလို စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက လျင်မြန်ပြတ် သားစွာ အရေးယူဆောင်ရွက်ဖို့လည်း တောင်းဆိုလိုက်ပြီး စစ်အုပ်စုကို လေယာဉ်ဆီတွေ ထောက်ပံ့ပေးတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့ကြ ဖို့လည်း တောင်းဆိုလိုက်တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024