စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲက မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ၁ စီးကို အင်အား ၃ဝ ပါ စစ်ရေယာဉ် ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆားလင်းကြီးမြို့ဘက် မြစ်ကမ်းတနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၈ ရက် နေ့လယ် ၁၂ နာရီ ၄ဝ မိနစ်လောက်မှာ ရှေ့ထွက်ပြောင်းတိုက်လက်နက်ကြီး၊ ၄ဝ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ကာ မိနစ် ၃ဝ ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆားလင်းကြီးမြို့အခြေစိုက် Hero Fighter-Salingyi တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ စောင့်တိုက်ခဲ့တဲ့နေရာက လုံခြုံရေးအရပြောရင် တန်းသိနိုင်တဲ့နေရာ ဖြစ်နေလို့ပါဗျ။ သူတို့ဘက်ကလည်း မော်တာနဲ့ဆွဲတယ်။ ၄၀၊ ၆၀ မမတွေနဲ့ လှိမ့်နေအောင်ပစ်တာ။ ကျည်ပြတ်လို့ ခဲနဲ့ပါ ပစ်ခဲ့ရပါတယ်ဗျ။ သူတို့ဘက်က အထိအခိုက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။”
အဆိုပါတိုက်ခိုက်မှုကို Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးတပ်ဖွဲ့နဲ့အတူ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi) နဲ့ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ ထောက်ပံ့မှု လိုအပ်နေတယ်လို့ ဗိုလ်သူရိန်က ဆက်ပြောပါတယ်။
“ကျနော်တို့အဖွဲ့အနေနဲ့ စစ်ရေးရော၊ ပြည်သူ့ဒုက္ခတွေပါ ကူညီနေရတဲ့အတွက် ဘတ်ဂျက်လည်း ပြတ်နေပါပြီဗျ။ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဆယ်လီမဟုတ်လို့ ပစ်မထားကြပါနဲ့ခင်ဗျ။ ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့ အနေအထားအထိ ဖြစ်နေတာပါဗျ။”
လက်ရှိမှာတော့ Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးတပ်ဖွဲ့အနေနဲ့ ဆားလင်းကြီးမြို့ကို အခြေစိုက်ကာ လက်နက်ကိုင်တော်လှန်ရေးရဲ့ ခုခံစစ်တာဝန်ကို ရရာနေရာက ထမ်းဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ AK47 လက်လုပ်မောင်းပြန်ရိုင်ဖယ်ကို ထုတ်လုပ်အောင်မြင်ထားကာ ဇွန် ၂၇ ရက်နေ့မှာလည်း လက်လုပ်ပစ္စတိုကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။