Home
ဆောင်းပါး
ပြန်ဆပ်စရာ ဝဋ်ကြွေး အလွန်ကြီးမားမည့် စစ်ပြိတ္တာမျိုးစိတ်သစ်များ
DVB
·
June 29, 2023

ကိုယ်ကျင့်သီလ နိမ့်ကျယုတ်ညံ့ပြီး အသိဉာဏ်ကင်းမဲ့တဲ့ မင်းအောင်လှိုင်နဲ့ လက်ပါးစေ စစ်အခွင့်ထူးခံအုပ်စုဟာ အမျိုးဘာသာ သာသနာကို ခုတုံးလုပ်ပြီး မသိနားမလည်ကြတဲ့ လူမိုက် လူ့အန္ဓတွေကို ဘဝသံသရာဆိုးကြီးထဲ ဆွဲခေါ် လမ်းမှားပို့နေတာဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတရားတွေကို ယုံကြည်ခြင်း သဒ္ဓါတရား မရှိရုံသာမက လိုက်နာကျင့်ကြံမှု လုံးဝမပြုတဲ့အပြင် မကောင်းမှု အကုသိုလ်တွေကိုသာ ပြုနေတယ်ဆိုတာ ပြည်သူလူထုအပေါ် ခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုကြီးတွေ အကြိမ်ကြိမ် အထပ်ထပ် ကျူးလွန်နေခြင်းက သက်သေခံနေပါတယ်။

မိမိပြုသမျှ ကုသိုလ် အကုသိုလ်တွေဟာ သံသရာဘဝတလျှောက်လုံး လိုက်ပါအကျိုးပေးနေမယ် ဆိုတဲ့ ကံနဲ့ ကံ၏အကျိုးကို ယုံကြည်မှုဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံ သက်ဝင်ယုံကြည်မှု ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေလည်းပဲ ကိုယ်စိုက်သမျှ ကိုယ်ပြန်ရိတ်သိမ်းရမယ် ဆိုတာလည်း ဒီသဘောတရားပဲ ဖြစ်ပါတယ်။

“ပြိတ္တာ” ဆိုတဲ့ စကားရပ်ဟာ ပါဠိစကားလုံး “ပေတ္တိ” က ဆင်းသက်လာတာဖြစ်ပြီး ပြိတ္တာလို့ မြန်မာဝေါဟာရအ‌နေနဲ့ ခေါ်စမှတ်ပြုကြတာ ဖြစ်ပါတယ်။

“သုခတော ပကဋ္ဌေနဣတာ ဂတာတိပေတာ”

ချမ်းသာသုခအပေါင်းမှ ဝေးကွာသောသတ္တဝါတွေကို ပေတ = “ပြိတ္တာ” လို့ ခေါ်ပါသတဲ့။

ပြိတ္တာတွေဟာ လူ့ပြည်လောကထဲက တောတောင်၊ မြစ်ချောင်း၊ တောင်စောင်း၊ လိုဏ်ဂူ၊ တစပြင် သုသာန် စတဲ့အရပ်တွေကို မှီခိုလို့ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရတဲ့ သတ္တဝါတမျိုး ဖြစ်ပါတယ်။ အဲ့ဒီ “ပြိတ္တာ” မျိုးထဲမှာ တစ္ဆေ၊ သရဲ၊ မှင်စာ၊ သဘက်၊ ဘီလူး အမျိုးမျိုးရှိပါတယ်။ နှစ်ပေါင်းကြာရှည် မစားရ မသောက်ကြရဘဲ တချို့က လူတွေရဲ့ ထမင်းလုံး၊ ဟင်းသိုး၊ သလိပ်၊ ချွဲ၊ တံတွေး၊ မစင်၊ အရိအရွဲ စတာတွေကိုသာ စားသောက်ခွင့်ရကြပါတယ်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ သျှင်မဟာမောဂ္ဂလန် မထေမြတ် တွေ့မြင်ခဲ့ရတဲ့ ဂိဇ္ဈကုဋ်တောင်မှာ နေရတဲ့ ပြိတ္တာတွေဟာ ငရဲသားတွေလိုပဲ အလွန်ကြီးမားစွာ ဆင်းရဲဒုက္ခ ရောက်ကြရပါသတဲ့။ သူတို့ပြုခဲ့တဲ့ မကောင်းမှုကြောင့် ထမင်းငတ်တာ၊ ရေငတ်တာ စတဲ့ဆင်းရဲကို ခံစားရရင်း နှစ်ပေါင်းရာထောင် သိန်းသန်းမက ဘုရားတဆူနဲ့ တဆူအကြားသော်လည်း မကျွတ်မလွတ်နိုင်ဘဲ နေကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလောက်ကြာတဲ့ ကာလပတ်လုံး ထမင်းတလုံး ရေတပေါက်မျှ မစားမသောက်ရဘဲ သူတို့ပြုခဲ့တဲ့ အကုသိုလ်ကံတွေ မကုန်သေးတာကြောင့် သေဆုံးခြင်းမရှိဘဲ အသားတုံး အရေ အကြော အရိုးတွေသာ ရှိပြီး အလွန်ဆိုးရွားတဲ့အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ရုပ်အဆင်းတွေ ရှိကြပါသတဲ့။

ဘုရားရှင် ဟောကြားတော်မူအပ်တဲ့ တရားတွေထဲက သံယုတ္တနိကာယ်၊ နိဒါနဝဂ္ဂသံယုတ်ထဲမှာ အရေမရှိသောပြိတ္တာ၊ မီးကျီးပြိတ္တာ၊ ဦးခေါင်းပြတ်ပြိတ္တာ၊ ကောင်းကင်ပျံ မီးလောင်ပြိတ္တာ၊ အိုးပမာဏရှိ ဝှေးစေ့ပြိတ္တာ၊ အရိုးစုပြိတ္တာ၊ အသားတုံးပြိတ္တာ၊ သန်လျက်အမွေးပေါက်သော ပြိတ္တာ၊ လှံအမွေးပေါက်သော ပြိတ္တာ၊ မြားအမွေးပေါက်သော ပြိတ္တာ၊ အပ်အမွေးပေါက်သော ပြိတ္တာ၊ မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော ပြိတ္တာ၊ အနံ့မကောင်းသော အရုပ်ဆိုးသော ပြိတ္တာ၊ မီးလောင်ဖုတို့မှ အရည်တစက်စက် ယိုထွက်နေသော ပြိတ္တာ၊ ရဟန်းပြိတ္တာတွေရှိကြောင်း ဖတ်ရှုခဲ့ရဖူးပါတယ်။

အဲ့ဒီပြိတ္တာတွေထဲမှာ လင်းတ ကျီးငှက် စွန်ရဲတွေ လိုက်လံထိုးဆိတ်၊ ဖောက်ခွဲခံရလို့ နာကျင်စွာ အော်ဟစ်‌နေရတဲ့ အရေမရှိတဲ့ ယောက်ျားပြိတ္တာဟာ ရာဇဂြိုဟ်မြို့မှာ ဆိတ်တွေသတ် အရေခံခွာတဲ့ အကုသိုလ် ကျူးလွန်ခဲ့တဲ့ ဆိတ်သတ်သမား ဖြစ်ပါသတဲ့။

နောက်ပြိတ္တာတမျိုးက သန်လျက်အမွေးပေါက်သော ယောက်ျားပြိတ္တာ ဖြစ်ပါတယ်။ အဲ့ဒီပြိတ္တာရဲ့ကိုယ်မှာ ပေါက်နေတဲ့ သန်လျက်တွေဟာ ပျံတက် ပျံတက်လို့ သူ့ကိုယ်မှာသာ ကျရောက်စိုက်ဝင်ကုန်တဲ့အခါ အလွန်နာကျင်တဲ့အသံကို ပြုရတဲ့ သတ္တဝါဟာ ရာဇဂြိုဟ်မြို့မှာပဲ ဝက်သတ်သမား ဖြစ်ခဲ့ဖူးပါသတဲ့။ လူ့ဘဝတုန်းက ဝက်တွေကို လှံနဲ့ထိုးသတ်ခဲ့တဲ့ အကုသိုလ်ကံအဟုန်ကြောင့် သန်လျက်အမွေးပေါက်တဲ့ ပြိတ္တာ ဖြစ်ခဲ့ရတဲ့သဘောပါပဲ။

အဲ့ဒီလိုပဲ လှံအမွေးပေါက်တဲ့ ယောက်ျားပြိတ္တာဟာ ရာဇဂြိုဟ်မြို့မှာပဲ သားသတ်သမား ဖြစ်ခဲ့ဖူးသလို မြားအမွေးပေါက်တဲ့ ယောက်ျားပြိတ္တာဟာ ရာဇဂြိုဟ်မြို့မှာပဲ လက်မရွံ့အာဏာသား ဖြစ်ခဲ့ဖူးပါတယ်။

အပ်အမွေးပေါက်ရတဲ့ ပြိတ္တာဟာ အပ်တို့ ပျံတက် ပျံတက်ပြီး သူ့ကိုယ်ပေါ်မှာပဲ ကျကုန်တယ်၊ အပ်တွေဟာ ဦးခေါင်းထဲဝင်ပြီး ခံတွင်းက ထွက်ကုန်တယ်၊ ခံတွင်းထဲဝင်လို့ ရင်ဘတ်မှ ထွက်ကုန်တယ်၊ ရင်ဘတ်ထဲဝင်လို့ ဝမ်းမှထွက်ကုန်တယ်၊ ဝမ်း‌ဗိုက်ထဲဝင်လို့ ပေါင်တို့မှ ထွက်ကုန်တယ်၊ ပေါင်ထဲကိုဝင်ပြီး ခြေသလုံးတို့မှ ထွက်ကုန်တယ်၊ ခြေသလုံးထဲဝင်လို့ ခြေထောက်မှထွက်ကုန်တာမို့ နာကျင်တဲ့အသံကို ပြုရတဲ့ သတ္တဝါဟာ ဒီရာဇဂြိုဟ်မြို့မှာပဲ ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

နောက်ပြိတ္တာတမျိုးက အိုးပမာဏဝှေးစေ့ရှိတဲ့ ယောက်ျားပြိတ္တာမျိုးဖြစ်ပြီး သူ့ဝှေးစေ့တို့ကို ပုခုံးထက် ထမ်းတင်ပြီး သွားရပါတယ်။ ထိုင်ရင်လည်း ဝှေးစေ့‌ပေါ်မှာသာ ထိုင်ရပြီး လင်းတ ကျီးငှက် စွန်ရဲတို့က လိုက်လို့ ထိုးဆိတ် ဖောက်ခွဲကုန်တာမို့ နာကျင်တဲ့အသံကို ပြု‌နေရတဲ့ပြိတ္တာဟာ ရာဇဂြိုဟ်မြို့မှာပဲ ကောက်ကျစ်စဉ်းလဲတဲ့ ကျေးရွာလူကြီး ဖြစ်ခဲ့ပါသတဲ့။

အဲဒီလို ပြိတ္တာအမျိုးမျိုးအပြင် နောက်ထပ် ပြိတ္တာမျိုးစိတ်သစ်တွေ အာဏာလု စစ်ဓားပြဂိုဏ်းသားတွေထဲက ပေါ်ထွန်းလာမယ်ဆိုတာ ဘုရားရှင်ဟောကြားဆုံးမခဲ့တဲ့ ကံနဲ့ ကံရဲ့အကျိုးအရ ပြောဆိုနိုင်ပါတယ်။ ပြိတ္တာမျိုးစိတ်သစ်လို့ ဆိုရတာက အကြောင်းမဲ့ မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင်လက်ထက်မှာ ပေါ်ထွန်းလာတဲ့ ပြိတ္တာတွေဟာ အဲ့ဒီကာလမှာရှိတဲ့ လက်နက်တွေသုံးပြီး သူတပါးကို မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာမို့ မြား၊ သန်လျက်၊ လှံမွေးပါတဲ့ ပြိတ္တာမျိုး ဖြစ်ခဲ့ရတာမဟုတ်ပါလား။

အခုခေတ် အာဏာရူး စစ်ဓားပြ ဗိုလ်မင်းအောင်လှိုင်တို့ လက်ထက်မှာတော့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲ၊ မစ်ဇိုင်းနဲ့ထု၊ စစ်ရဟတ်ယာဉ်တွေနဲ့ စက်သေနတ်နဲ့ ပစ်သတ်ဖို့ ခိုင်းစေတဲ့သူ၊ လက်တွေ့သတ်ဖြတ်တဲ့ အာဏာပါးကွက်သား လေသူရဲတွေ၊ နည်းပညာနဲ့ ထောက်ပံ့ကူညီသူတွေဆိုတာ ဘုရားရှင်လက်ထက်မှာ မပေါ်ထွန်းသေးတဲ့ လက်နက်ဆန်းတွေနဲ့ အကုသိုလ်ကံဆိုးတွေ ကျူးလွန်ကြတာမို့ အဲ့ဒီ စစ်ဘီလူးတွေ သေလွန်ခဲ့ရင် ဗုံးအမွေးပါတဲ့ ပြိတ္တာမျိုးစိတ်သစ်၊ ဗစ်ဇိုင်းဒုံးကျည်အမွေးပါတဲ့ ပြိတ္တာမျိုးစိတ်သစ်၊ စက်သေနတ်အမွေးပါတဲ့ ပြိတ္တာမျိုးစိတ်သစ် စတဲ့ အလွန်ဝဋ်ကြွေးကြီးပြီး ဆင်းရဲပင်ပန်းကြီးစွာ သူတို့ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ်ကံဆိုးတွေအတွက် ပြန်လည်ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။

အထက်မှာ ရေးပြခဲ့တဲ့ ပြိတ္တာမျိုးစိတ်သစ်တွေရဲ့ အထက်က ပြိတ္တာဂိုဏ်းချုပ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ မဲလိမ်တာကို အကြောင်းပြ အာဏာလုယူခဲ့ပြီး မတည်နိုင်တဲ့ ကတိတွေ အကြိမ်ကြိမ်ချိုးဖေါက်ပြီး မုသားဆိုလို့ သန်း ၅၀ ကျော် ပြည်သူလူထုနဲ့ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တဲ့ တရားခံဖြစ်တာမို့ ခံတွင်း စတဲ့ ဒွါရကိုးပေါက်ကနေ မစင်ရည်တစက်စက် စီးကျလို့ ဗုံးအ‌မွေး၊ ဒုံးကျည်အမွေး၊ စက်သေနတ်အမွေး၊ မီးလျှံအမွေး စတဲ့ သူပြုသမျှ အကုသိုလ်အစုံရဲ့ အမွေးမျိုးစုံ ကိုယ်ခန္ဓာပေါ် ပေါက်နေတဲ့ ဆင်းရဲဒုက္ခ အကြီးမားဆုံး စစ်ပြိတ္တာမျိုးစိတ်သစ်ဟာ မီးရှို့ လူသတ် ဗုံးကြဲ စစ်ဓားပြ မင်းအောင်လှိုင်သာပဲ ဖြစ်မှာ မလွဲဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024