Home
ဆောင်းပါး
သဘာဝဘေးအန္တရာယ်ကြီးများ အပိုင်း (၂)
DVB
·
June 29, 2023

လေဆင်နှာမောင်း ဆိုတာ ဘာလဲ။

လေဆင်နှာမောင်းဟာ မိုးကြိုးမုန်တိုင်းကနေ မြေပြင်ကို ပျံ့နှံ့သွားတဲ့ ကျဉ်းမြောင်းပြီး ပြင်းထန်စွာ လှည့်ပတ်နေတဲ့ လေတိုင်တခုဖြစ်ပါတယ်။ လေဟာ မမြင်နိုင်တာကြောင့် လေဆင်နှာမောင်းတခုကလည်း ရေမှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ အပျက်အစီး‌တွေပေါင်းစပ် မဖွဲ့စည်းထားဘူးဆိုရင် မြင်ဖို့ခက်ပါတယ်။ လေဆင်နှာမောင်းတွေဟာ လူသားတွေ တွေ့ကြုံခံစားရတဲ့ လေထုမုန်တိုင်းအားလုံးထဲမှာ အပြင်းထန်ဆုံး ဖြစ်စဉ်တွေက တခုဖြစ်ပါတယ်။

လေဆင်နှာမောင်းတွေ ဘယ်နေရာမှာ ဖြစ်ပွားသလဲ။

လေဆင်နှာမောင်းတွေဟာ သြစတြေးလျ၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ တောင်အမေရိက အပါအဝင် ကမ္ဘာ့နေရာအများအပြားမှာ ဖြစ်ပွားပါတယ်။ အမေရိကန်ပြင်ပမှာ လေဆင်နှာမောင်းတိုက်ခတ်မှု အများဆုံးနေရာဟာ အာဂျင်တီးနားနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။

အမေရိကန်မှာ နှစ်စဉ် လေဆင်နှာမောင်း ၁,၂၀၀ ခန့် တိုက်ခတ်နေပါတယ်။ တရားဝင် လေဆင်နှာမောင်း မှတ်တမ်းတွေဟာ ၁၉၅၀ ခုနှစ်ကစတင်ပြီး နှစ်စဉ်ဖြစ်ပွားတဲ့ ပျမ်းမျှ လေဆင်နှာမောင်း အရေအတွက်ကိုတော့ မသိရပါဘူး။

လေဆင်နှာမောင်းလမ်းကြောင်းက ဘယ်မှာလဲ။

လေဆင်နှာမောင်းလမ်းကြောင်းဟာ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းမှာ လေဆင်နှာမောင်းတိုက်ခတ်မှု ကျယ်ပြန့်တဲ့ ဧရိယာကို ရည်ညွှန်းဖို့အတွက် မီဒီယာက တီထွင်ခဲ့တဲ့ နာမည်ပြောင်တခု ဖြစ်ပါတယ်။

အမေရိကန် လေဆင်နှာမောင်း လမ်းကြောင်းဟာ ပိုအေးတဲ့ လတွေမှာ အရှေ့တောင်က ရွေ့လျားပြီး မေလနဲ့ ဇွန်လမှာ တောင်ပိုင်းနဲ့ အလယ်ပိုင်း လွင်ပြင်များ၊ မြောက်ပိုင်းလွင်ပြင်နဲ့ အနောက်အလယ်ပိုင်းကိုတော့ နွေရာသီအစောပိုင်းမှာ ရွေ့လျားပါတယ်။

ဘယ်အချိန်မှာ လေဆင်နှာမောင်း ဖြစ်နိုင်ခြေ အရှိဆုံးလဲ။

လေဆင်နှာမောင်း‌တွေဟာ တနှစ်ပတ်လုံး အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။ နေ့ရော ညပါ အချိန်မရွေး ဖြစ်ပွားနိုင်ပေမဲ့ လေဆင်နှာမောင်းအများစုဟာ ညနေ ၄ နာရီကနေ ၉ နာရီကြားမှာ ဖြစ်ပွားပါတယ်။

လေဆင်နှာမောင်းတွေ ဘယ်လိုဖြစ်ပေါ်လာလဲ။

အဖျက်အဆီးအများဆုံး လေဆင်နှာမောင်းတွေဟာ စူပါဆဲလ်‌ကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး လှည့်ပတ်နေတဲ့ မိုးကြိုးမုန်တိုင်းထဲက မီဆိုဆိုင်ကလုန်းလို့ခေါ်တဲ့ ရေဒါလည်ပတ်မှု ဖြစ်ပါတယ်။ (စူပါဆဲလ်တွေဟာ ပြင်းထန်တဲ့ မိုးသီးတွေ၊ လေဆင်နှာမောင်းမဟုတ်တဲ့ လေပြင်း‌တွေ၊ မကြာခဏ မိုးကြိုးပစ်တာနဲ့ လျှပ်တပြက် ရေလွှမ်းမိုးခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။)

လေဆင်နှာမောင်းဖြစ်ပေါ်တာဟာ မီဆိုဆိုင်ကလုန်း အနီးတဝိုက်က ဖြစ်ပေါ်လာတဲ့ အရာတွေကို မုန်တိုင်းစကေးနဲ့ အဓိကအားဖြင့် ညွှန်ကြားတယ်လို့ ယူဆရပါတယ်။ မကြာသေးခင်က သီအိုရီတွေနဲ့ ရလဒ်တွေအရ မီဆိုဆိုင်ကလုန်းတခု စတင်လုပ်ဆောင်လိုက်တာနဲ့ တပြိုင်နက် လေဆင်နှာမောင်း ဖြစ်ထွန်းမှုဟာ မီဆိုဆိုင်ကလုန်း ပတ်ပတ်လည်က အောက်ကြမ်းပြင်လေထုနဲ့ အစွန်းတဖက် အပူချိန်ကွာခြားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။

၁၉၉၉ ခုနှစ် မေလ ၃ ရက်နေ့မှာ သမိုင်းတွင် အဖျက်အဆီးအခံရဆုံး လေဆင်နှာမောင်းတချို့ အနီးမှာ အပူချိန်ပြောင်းလဲမှု အလွန်နည်းပါးတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

လေဆင်နှာမောင်း ဖြစ်ပေါ်ခြင်းဆိုင်ရာ သင်္ချာစံပြလေ့လာမှုတွေကတော့ အဲ့ဒီလို အပူချိန်ပုံစံတွေ မပါဘဲနဲ့လည်း လေဆင်နှာမောင်း ဖြစ်ပေါ်နိုင်တယ်လို့ ညွှန်ပြထားပါတယ်။

လေဆင်နှာမောင်းအမျိုးအစားများ

လေဆင်နှာမောင်းတွေဟာ သဘာဝမိခင်ကြီးရဲ့ အဖျက်စွမ်းအားအရှိဆုံး စွမ်းအားတွေထဲက တခုဖြစ်ပြီး ပုံသဏ္ဌာန်နဲ့ အရွယ်အစား မျိုးစုံဖြစ်နိုင်ပါတယ်။

လေဆင်နှာမောင်းတခုစီက ထူးခြားပေမဲ့ လေဆင်နှာမောင်းတွေကို အရွယ်အစား၊ ပုံပန်းသဏ္ဌာန်နဲ့ ဖြစ်ပေါ်လာပုံအလိုက် အမျိုးအစားခွဲလို့ရနိုင်မယ့် ဆင်တူမှုတွေ ရှိပါတယ်။

အမျိုးအစားမခွဲခြားဘဲ လေဆင်နှာမောင်းတခုစီတိုင်းဟာ အသက်နဲ့ ပစ္စည်းဥစ္စာတွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

အချိန်ကြာမြင့်စွာ မြေပြင်ပေါ်မှာရှိတဲ့ လေဆင်နှာမောင်းတွေက သူတို့ရဲ့ သက်တမ်းစက်ဝန်းတလျှောက် အရွယ်အစားနဲ့ ပုံသဏ္ဌာန် ပြောင်းလဲပြီး အမျိုးအစားတခုက အခြားတမျိုးကို ကူးပြောင်းသွားနိုင်ပါတယ်။

၁။ ကြိုးလေဆင်နှာမောင်း (Rope Tornado)

ကြိုးလေဆင်နှာမောင်းတွေဟာ သူတို့ရဲ့ ကြိုးနဲ့တူတဲ့ အသွင်အပြင်ကြောင့် ကြိုးလေဆင်နှာမောင်းလို့ အမည်ပေးထားတာဖြစ်ပြီး အသေးငယ်ဆုံးနဲ့ အဖြစ်အများဆုံး လေဆင်နှာမောင်း အမျိုးအစား‌တွေထဲက တခုဖြစ်ပါတယ်။

လေဆင်နှာမောင်းအများစုဟာ ပိုကြီးတဲ့ လေဆင်နှာမောင်း ဒါမှမဟုတ် လေဖိအားနည်းရပ်ဝန်း အဖြစ်ကို မရောက်ရှိခင် ကြိုးလေဆင်နှာမောင်းအဖြစ်နဲ့ပဲ စတင်လည်ပတ်ပြီး အဆုံးသတ်ကြပါတယ်။

တချို့လေဆင်နှာမောင်းတွေက မြေပြင်နဲ့ထိတွေ့တဲ့ အချိန်တလျှောက်လုံး သူတို့ရဲ့ ကြိုးပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ပြီး မိနစ်အနည်းငယ်မျှသာ ကြာနိုင်ပါတယ်။

အရွယ်အစားသေးငယ်ပေမဲ့ ကြိုးလေဆင်နှာမောင်းတွေက သူတို့လမ်းကြောင်းမှာ ရှိနေတဲ့ သူတွေအတွက် အန္တရာယ်ရှိနိုင်ပါသေးတယ်။

“ကြိုးလေဆင်နှာမောင်းတွေက ပိုကြီးတာထက် ပိုအားနည်းနေပေမဲ့ တချို့က ကျဉ်းပြီး တင်းကျပ်လာတာနဲ့အမျှ ပိုပြင်းထန်လာပါတယ်” လို့ NOAA ရဲ့ မုန်တိုင်းခန့်မှန်းရေးဌာန (SPC) က ပြောကြားခဲ့ပါတယ်။

၂။ အဝိုင်းထုချွန် လေဆင်နှာမောင်း (Cone Tornado)

ကြိုးလေဆင်နှာမောင်းတွေလိုပဲ အဝိုင်းထုချွန် လေဆင်နှာမောင်းတွေက သူတို့ရဲ့ ပုံသဏ္ဌာန်ကနေ နာမည်ရကြပါတယ်။ သူတို့နဲ့ ဆက်စပ်မိုးကြိုးမုန်တိုင်းကို ထိတွေ့တဲ့နေရာထက် မြေကိုထိတဲ့နေရာက ပိုကျဉ်းပါတယ်။

ကြိုးလေဆင်နှာမောင်း‌တွေထက် ယေဘုယျအားဖြင့် ပိုပြီးအန္တရာယ်များပြီး သူတို့ရဲ့ လမ်းကြောင်းတွေက ပိုမိုကျယ်ဝန်းပြီး ပျက်စီးမှု ပိုကြီးမားတဲ့လမ်းကြောင်းကို ချန်ထားနိုင်တာကြောင့် ဒီလေဆင်နှာမောင်းဟာ ယေဘုယျအားဖြင့် ပိုပြီး အန္တရာယ်များပါတယ်။

၃။ သပ်‌ချောင်းပုံစံ လေဆင်နှာမောင်း (Wedge Tornado)

သမိုင်းတလျှောက် အကြီးဆုံးနဲ့ အဖျက်ဆီးအခံရဆုံး လေဆင်နှာမောင်းတချို့ဟာ သပ်ချောင်းပုံစံ လေဆင်နှာမောင်းအမျိုးအစားတွေ ဖြစ်ပါတယ်။

သပ်ပုံစံ‌လေဆင်နှာမောင်းတွေဟာ သူတို့ရဲ့အရှည်ထက် ပိုကျယ်နိုင်ပြီး ဒီလေဆင်နှာမောင်းတွေ ဖြစ်ပေါ်ချိန် ကြီးမားတဲ့ ပျက်စီးမှုလမ်းကြောင်းကို ချန်ထားခဲ့နိုင်ပါတယ်။

“သပ်လေဆင်နှာမောင်းတခုဟာ မိုင်ဝက်လောက် ကျယ်တယ်၊ ဒါမှမဟုတ် ပိုကြီးတယ်လို့ ပြောနိုင်တယ်။ သပ်လေဆင်နှာမောင်းရဲ့ လမ်းကြောင်းမှာ ဘာမဆို ပျက်စီးမှု အမျိုးအစားတခုတော့ ရှိလိမ့်မယ်” လို့ AccuWeather အကြီးတန်း မိုးလေဝသပညာရှင် Guy Pearson က ပြောကြားခဲ့ပါတယ်။

သပ်လေဆင်နှာမောင်းတွေဟာ အများအားဖြင့် ကြီးမားတဲ့ လေဆင်နှာမောင်းတွေဖြစ်ပြီး EF-3 နဲ့ ပိုမြင့်တဲ့ အဆင့်သတ်မှတ်ထားပါတယ်လို့ Pearson က ဆိုပါတယ်။

သမိုင်းတလျှောက် အဆိုးရွားဆုံး လေဆင်နှာမောင်းတချို့ဟာ ၂၀၁၃ ခုနှစ် မေလ ၃၁ ရက်က အိုကလာဟိုးမားကို ဖြတ်သွားခဲ့တဲ့ အယ်လ်ရီနို လေဆင်နှာမောင်း အပါအဝင် သပ်လေဆင်နှာမောင်းတွေ ဖြစ်ပါတယ်။

၄။ စုပေါင်းလေပွေနဲ့ ဂြိုဟ်တုလေဆင်နှာမောင်း (Multi vertex and Satellite Tornado)

တချို့ စူပါဆဲလ် မိုးကြိုးမုန်တိုင်းတွေဟာ မုန်တိုင်းရဲ့ သက်တမ်းတလျှောက်လုံး လေဆင်နှာမောင်းများစွာကို ဖြစ်ပေါ်စေနိုင်ပြီး တချို့ကတော့ တချိန်တည်းမှာပဲ လေဆင်နှာမောင်းများစွာ ဖြစ်ပေါ်နိုင်ပါတယ်။

“စုပေါင်းလေပွေဆိုတာ ပင်မ‌လေဆင်နှာမောင်း လည်ပတ်စီးဆင်းမှုတဝိုက်မှာ လှည့်ပတ်နေတဲ့ ဧရိယာအနည်းငယ်အတွင်း လေပွေအနည်းဆုံးနှစ်ခုရှိတယ်” လို့ Pearson က ဆိုပါတယ်။

“အခြေခံအားဖြင့် ဒီ အပိုလည်ပတ်မှုနေရာတွေက ကြိုးလေဆင်နှာမောင်းတွေသာဖြစ်ပြီး သူတို့ကိုယ်တိုင် အပိုပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေတယ်” လို့ Pearson က ပြောပါတယ်။

စုပေါင်းလေပွေ လေဆင်နှာမောင်းတွေဟာ သူတို့ပတ်ဝန်းကျင်မှာ လှည့်ပတ်နေတဲ့ ကြိုး‌လေပွေငယ်‌တွေရှိပေမဲ့ ပြင်းထန်တဲ့အခြေအနေတွေမှာ လေဆင်နှာမောင်းတခုဟာ တခုနဲ့တခု သီးခြားစီ လှည့်ပတ်နေတဲ့ လေဆင်နှာမောင်းနှစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် ဒုတိယလေဆင်နှာမောင်းကို “ဂြိုလ်တုလေဆင်နှာမောင်း” လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အလွန်ရှားပါးပြီး မုန်တိုင်းပြီးနောက် ပျက်စီးမှုများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ ရေဆင်နှာမောင်းနဲ့ မြေပြင်လေဆင်နှာမောင်း (Waterspout and Landspout)

ရေဆင်နှာမောင်းနဲ့ မြေပြင်‌လေဆင်နှာမောင်းတွေဟာ လေဆင်နှာမောင်းနဲ့ တူနိုင်ပေမဲ့ မိုးကြိုးမုန်တိုင်းတွေ မရှိဘဲနဲ့လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

“ရေဆင်နှာမောင်းတွေက အမြဲတစေ လေဆင်နှာမောင်းလို့ အဓိပ္ပာယ်ရပေမဲ့ ကုန်းပေါ်ကို မထိရင် လေဆင်နှာမောင်းမှတ်တမ်းတွေမှာ တရားဝင် ထည့်သွင်းတွက်ချက်ခြင်း မပြုဘူး” လို့ SPC က ရေးသားခဲ့ပါတယ်။

တချို့ ရေဆင်နှာမောင်းတွေဟာ လေဆင်နှာမောင်းတွေလို ဖြစ်ပေါ်နေပေမဲ့ အများစုဟာ စူပါဆဲလ် မိုးကြိုးမုန်တိုင်းတွေနဲ့ မသက်ဆိုင်ပါဘူး။

လေဆင်နှာမောင်းအများစုထက် အားနည်းပေမဲ့ လှေတွေကို မှောက်လှန်နိုင်ပြီး ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ဖန်တီးနိုင်လောက်အောင် အားကောင်းဆဲဖြစ်ပါတယ်။

“မြေပြင်ကထွက်တဲ့ လေဆင်နှာမောင်းဟာ ရေဆင်နှာမောင်းနဲ့ အလွန်တူပါတယ်။ အားနည်းတဲ့ လေဝဲတခု ဖြစ်ပေါ်လာဖို့ သင့်လျော်တဲ့ အခြေအနေတွေကို ရရှိပြီး မြေပြင်ကနေ မိုးရေ ဒါမှမဟုတ် အထက်မိုးကြိုးမုန်တိုင်းဆီကို ချိတ်ဆက်ဖို့ လုံလောက်ပါတယ်” လို့ Pearson က ပြောကြားခဲ့ပါတယ်။

လီလီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024