မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်တွေမှာ ဇွန် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက စစ်ကောင်စီကားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပခုက္ကူမြို့ကနေ မြိုင်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဇွန် ၂၇ ရက် မနက် ၁၁ နာရီလောက်က တွင်းမနဲ့ သရက်ကန် ပျူစခန်းကြားမှာ မိုင်းပွိုင့် ၄ ပွိုင့် မိုင်းအကြီး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ကားလည်းပျက်စီးသွားတယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ စိစိညက်ညက်ကြေသွားတဲ့ ကားကိုတော့ ဒီနေ့ ဇွန် ၂၈ ရက် မနက် ၄ နာရီလောက်က ကားတွေနဲ့ ချိတ်ဆွဲပြီး တွင်းမ ပျူစောထီးစခန်းထဲကို ယူသွားကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ကနေ ကမ္မမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၄ စီးကို ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီလောက်က ကန်တော်ရွာနဲ့ ကမ္မကြားမှာ မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတယောက်ကိုတော့ မိုးကာတွေနဲ့ ပတ်ထားကာ လမ်းမှာ ကင်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့လို့ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပခုက္ကူသူရိန်တပ်ဖွဲ့၊ Black Cobra တပ်ဖွဲ့တို့နဲ့ အတူပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် မြိုင်ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့ မေ ၂၈ ရက် မနက် ၄ နာရီလောက်က သရက်ကန်ပျူစခန်းကို သွားတဲ့အချိန်မှာ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်ခွဲ-၂ ဂဠုန်တပ်ဖွဲ့၊ တပ်ခွဲ-၃ စကြာတပ်ဖွဲ့၊ ကမ္မကာကွယ်ရေးတပ်ဖွဲ့-KMDF၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ ကတုံးတပ်ဖွဲ့၊ BBF နဲ့ နယ်စည်းမခြား ပကဖ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။