Home
မြန်မာသတင်း
မုံရွာမြို့ရှိ အချက်အချာကျသည့် လမ်းပိုင်းအချို့ကို စစ်တပ်ကဖျက်ဆီး
DVB
·
June 27, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတချို့ တိုက်ခိုက်ခံရအပြီးမှာ မုံရွာမြို့အဝင်က အချက်အချာကျတဲ့ လမ်းပိုင်းနေရာတချို့ကို စစ်တပ်က ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက် ည ၈ နာရီခွဲလောက်မှာ မုံရွာမြို့ထဲက ညောင်ပင်သာရွာထိပ်နားကို စစ်တပ်က ဘူဒိုဇာတွေနဲ့ လာရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး လမ်းဖျက်ဆီးမှု မပြုလုပ်ခင်ကလည်း ကျေးရွာတွေထဲကို စစ်ကြောင်းထိုးကာ ပြည်သူတွေကို သတ်ဖြတ်တာမျိုးတွေ ရှိပါတယ်။

လမ်းတွေကို အခုလို ဖျက်ဆီးလိုက်တဲ့အတွက် စစ်ဘေးရှောင်ရတဲ့အခါတွေမှာ ပြည်သူတွေအနေနဲ့ အခက်တွေ့သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ညောင်ပင်သာရွာထိပ်မှာ ဘူဒိုဇာတွေနဲ့ လမ်းကို ဖျက်ဆီးသွားတာပါပဲ။ ဒါကလည်း တကြိမ်မဟုတ်ဘူးဗျ။ ညောင်ပင်ဇောက်ဘက်တွေ မုံရွာအမြင့်လမ်းပိုင်းတွေမှာ အရင်ကလည်း လမ်းတွေကို ဖျက်ဆီးတာတွေ ရှိတယ်ဗျ။ စစ်တပ်က ဖျက်ဆီးတာပါ။ ရပ်/ဥက္ကဋ္ဌတွေတော့ မပါဘူး။ မပါဆို မရှိလည်း မရှိတော့ဘူးဗျ။ အခုလက်ရှိတော့ ကျေးရွာတွေမှာ တပ်စွဲတာမျိုး မရှိသေးဘူး၊ အရင်ရက်တွေက ရှိတယ်။ အခုရက်ပိုင်းက ပုံမှန် သူတို့ဂိတ်ချနေရာတွေမှာပဲ တပ်စွဲထားတာပါ။ ဟိုးတလောကဆို မုံရွာ-အမြင့်လမ်းပိုင်း ထနောင်းတော၊ နဂါးတွင်း၊ ထန်းလေးပင်ဘက်တွေဆိုလည်း အိမ်အများကြီး မီးရှို့ခံရတာတွေ ရှိတာပေါ့။ ဓားစာခံ ခေါ်လာတဲ့သူတွေကို ခေါင်းဖြတ်သတ်ခဲ့တာတွေဆို ဟိုးလပိုင်းတွေလောက်က ညောင်ပင်သာအနီး ထန်းလေးပင်တို့ ဆူးလေကုန်းတို့မှာ ဖြစ်ခဲ့တာ။ ပြည်သူတယောက် အနေနဲ့တော့ အခုလို လမ်းတွေဖျက်ဆီးခံရတာ ဘယ်ကြိုက်မလဲဗျာ။ ပြည်သူတွေသုံးတဲ့ လမ်းကို အခက်အခဲဖြစ်အောင် တမင်လုပ်ပြီး ယုတ်မာတာပဲကိုး။ အခုလိုလုပ်တော့ သွားရလာရ ခက်ခဲတယ်။ အကယ်၍ စစ်ရှောင်ရမယ်ဆိုရင်တောင် ခက်ခဲတာပေါ့။”

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မုံရွာမြို့က ဂိတ်တချို့ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး PDF တွေ မြို့ထဲဝင်မရအောင် အခုလိုလုပ်တာလို့ မုံရွာ-အမြင့်လမ်းပိုင်း ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

“အခုလာဖျက်ဆီးတဲ့တပ်က နမခထဲက လာတာ၊ မြေတူးစက်တွေနဲ့ လာကုတ်ပြီး ဖျက်သွားတာ ခင်ဗျ။ သူတို့ မြို့ထဲဘက်ကို PDF တွေက ကားနဲ့ လာလာပစ်တယ်လို့ သူတို့ကထင်ပြီး မြို့ထဲကို ဝင်လာလို့မရအောင် လုပ်တယ်လို့ ထင်ပါတယ်။ တနေ့က မုံရွာမြို့အဝင် ကညန စခဂိတ်ကို လာပစ်ပြီး နောက်ရက်မှာ အခုလို လာဖျက်သွားတာပါ။”

လက်ရှိမှာတော့ စစ်ကောင်စီက အခုလို ပြည်သူပိုင်လမ်း‌ေတွကို ဖျက်ဆီးလိုက်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားလာရင် ပြည်သူတွေအတွက် အခက်အခဲရှိနေပြီး ပြီးခဲ့တဲ့ လအနည်းငယ်က မုံရွာမြို့ပေါ်က စစ်တပ် တပ်စွဲတဲ့နေရာတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကျေးရွာတွေပေါ် ကျရောက်ပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024