Home
မြန်မာသတင်း
နိုင်ငံခြားငွေ ရောင်းဝယ်သူ ၅၀ ကျော်နှင့် ကုမ္ပဏီ ၁ ခုကို စစ်ကောင်စီ ဖမ်းဆီးအရေးယူနေ
DVB
·
June 27, 2023

ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ဇွန်လအတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူတွေ၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေနဲ့ တရားမဝင် နိုင်ငံခြားငွေ လွှဲပြောင်းသူ အယောက် ၅၀ ကျော်ကို စိစစ်ဖော်ထုတ် အရေးယူခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

အဆိုပါလုပ်ငန်းကော်မတီလက်‌အောက်က စောင့်ကြည့်ကြီးကြပ်စစ်ဆေးရေးအဖွဲ့နဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့ဟာ စိစစ်ဖော်ထုတ်ချက်အရ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်နဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ သံသယဖြစ်ဖွယ် အထောက်အထားတွေ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ လူပုဂ္ဂိုလ် ၅၁ ဦးနဲ့ ကုမ္ပဏီ ၁ ခုကို သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်တာနက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အွန်လိုင်းလောင်းကစားတွေအတွက် တရားမဝင်ငွေလွှဲတာ၊ ငွေလွှဲလက်ခံတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သံသယဖြစ်ဖွယ် အထောက်အထား စစ်ဆေးတွေ့ရှိခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီ ၂ ခုတို့ကိုလည်း ဥပဒေတွေနဲ့ အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့နှစ်ဖွဲ့အနေနဲ့ မန္တလေးမြို့ပေါ်က ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတချို့ကိုလည်း သွားရောက်စစ်ဆေးခဲ့ရာမှာ ပြည်ပနဲ့ တရားမဝင်‌ နိုင်ငံခြားငွေလွှဲပို့တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

အခုလို အရေးယူတာတွေအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး မဟုတ်မမှန် နည်းလမ်းနဲ့ အကျိုးအမြတ်ရယူဖို့ ဆောင်ရွက်တာ၊ တရားမဝင် နိုင်ငံခြားငွေ လဲလှယ်တာ၊ တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်တာတွေကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ ဆက်စပ်ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူသွားမယ်လို့လည်း ဗဟိုဘဏ်က သတိပေးထားပါတယ်။

လတ်တလော ပြည်တွင်း နိုင်ငံခြားငွေနဲ့ ရွှေအရောင်းအဝယ် ဈေးကွက်ထဲမှာတော့ အဖမ်းအဆီး အစစ်အဆေးတွေ များတာကြောင့် အရောင်းအဝယ်တွေ မရှိသလောက် နည်းပါးသွားတယ်လို့ အဲဒီစျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်သူတဦးက “ကောင်တာ အတော်များများကတော့ အရောင်းအဝယ် နားထားကြ၊ ပိတ်ထားကြတယ်။ မနေ့ကတော့ ဝယ်စျေး ၃,၁၀၀ ကျပ်နဲ့ လဲခဲ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃,၁၀၀ ကနေ ၃,၂၀၀ အထက်မှာ အရောင်းအဝယ် ဖြစ်နေပြီး ရွှေစျေးကလည်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၃,၂၀၀,၀၀၀ အထိ မြင့်တက်နေကာ အမြင့်ဈေးကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024