ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ ရိက္ခာမလုံလောက်မှုတွေကို အထောက်အကူ ပြုဖို့အတွက် တောင်ယာစိုက်ပျိုးကြမယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ အခုနှစ် မိုးရာသီကစပြီး ပြောင်းနဲ့ တောင်ယာစပါးတို့ကို စတင်စိုက်ပျိုးကြမှာဖြစ်ပြီး တခြား စစ်ဘေးရှောင်စခန်းတွေမှာလည်း မျိုးစေ့လှူဒါန်းသူတွေရှိရင် စိုက်ပျိုးကြမှာပါ။
စစ်ဘေးရှောင်တွေဟာ ရိက္ခာမလုံလောက်မှုပြဿနာတွေ ရင်ဆိုင်နေကြရပြီး တစိတ်တပိုင်း အထောက်အကူရစေဖို့ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေကို ငှားရမ်းပြီး စိုက်ပျိုးကြမှာပါ။
“စိုက်သာစိုက်နေတာ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲ၊ လေယာဉ် ဘယ်အချိန်လာမလဲဘဲ စိုးရိမ်နေရပါတယ်။ အခုက ဒေသခံတွေ အကူအညီနဲ့ သူတို့မြေယာတွေ ငှားပေးလို့ စိုက်ပျိုးကြတာပါ” လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ပြီးခဲ့တဲ့ မေလအတွင်းက ရိက္ခာမလုံလောက်မှုကြောင့် စစ်ရှောင်တွေ ထမင်းတနပ် လျေှာ့စားခဲ့ရပါတယ်။
ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူက “စစ်ရှောင်တွေက လိုအပ်ချက်တွေ ကျနော်တို့ကို တင်ပြတယ်။ တဖက်တလမ်းက အကူအညီဖြစ်အောင် စိုက်ပျိုးချင်ကြတယ်ဆိုလို့ မျိုးစေ့တွေ ထောက်ပံ့ပေးတာပါ” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ လူဦးရေ ၃,၆၀၀ ကျော် နေထိုင်ကြပါတယ်။