Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့သော ရှေးမြို့တော် မဟာပုဂံနှင့် ဘုရင်တပါး
DVB
·
June 27, 2023

ကာလကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော် ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြသလဲဆိုတဲ့ စိတ်ဝင်စားဖို့ ကောင်းလှပြီး အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။

ပုဂံရဲ့ ဆွတ်ပျံ့ဖွယ် အံ့မူးဖွယ်တွေက အများကြီးပါ။ ဒီ မိုးခေါင်ရေရှား လွင်ပြင်မှာ ဘာသာရေး အဆောက်အအုံတွေ အရွယ်မျိုးစုံ ထောင်နဲ့ချီပြီး ရှိပါတယ်။ သေးသေးကြီးကြီး တခုချင်းစီဟာ ထိပ်မှာ အဖျားချွန်သဏ္ဌာန်နဲ့ မိုးကောင်းကင်အမြင့်ဆီ ဦးတည်နေတာချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့ မြင့်မြတ်တာ တခုခုကို မျှော်မှန်းနေကြတဲ့ သဘောကို ဗိသုကာ အမြင်အရ ဖော်ပြနေပါတယ်။

မှောင်ရီပျိုးလာတော့ ဘာသာရေးနဲ့ ထုံမွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်း မဟုတ်၊ ပစ္စုပ္ပန်ထဲလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့ လောကတခုကို ရောက်သွားပါတော့တယ်။ ပုထိုးစေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုးစုံနဲ့ ယိုယွင်းတဲ့သဘော၊ အနိစ္စသဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲကျေပျက်ရတဲ့ သဘောတို့ကို လှစ်ပြနေပါတယ်။

ဒါဟာ ဗုဒ္ဓသာသနာ ထွန်းကားရာ မြေမှသာမက တန်ခိုးအာဏာရှင်တွေက သူတို့သြဇာဂုဏ် အရှိန်အဝါတွေကို ထာဝရ မှတ်ကျောက်တင်ဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာပဲမဆို သင့်တော်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ ခမ်းနားကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီဖြစ်တဲ့ ယဉ်ကျေးမှုခေတ်ကြီးတွေကို သတိရ ဆင်ခြင်စေပါတယ်။ ရှယ်လီရဲ့ ကဗျာက သရုပ်ဖော်သလို အဆုံးမရှိတဲ့ သဲကန္တာရထဲမှာ အပိုင်းအစတုံးကြီးတွေ အဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ပြုံးပိုင်ရှင် အိုဇီမန်ဒီယပ်ရဲ့ သနားစရာ့ မာနမာန်ကို အမှတ်ရစေပါတယ်။

“အသင် အင်အားကြီးလှသူများ၊

ငါ့လုပ်ဆောင်ချက်တွေကြည့်ပြီး

စိတ်ပျက်၊ စိတ်လျှော့ကြလော့”

မိမိရဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို ဒီလို အုတ်တွေ၊ သရွတ်တွေနဲ့ သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင်တွေ၊ မင်းညီမင်းသား၊ မှူးကြီးမတ်ရာတွေထဲက ဘယ်နှစ်ယောက်က တကယ့်ကို သံသရာက လွတ်မြောက်ချင်ခဲ့ကြသလဲ။ ဘယ်နှယောက်က မိမိတို့ရဲ့ လောကီတန်ဖိုးကို အဖိုးကြီး အဆောက်အအုံတွေ ထူခြင်းနဲ့ သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ၊ ဘယ်နှယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာ လည်နေသရွေ့ လောကီစည်းစိမ် ရှိဖို့အတွက် အာမခံအနေနဲ့ ဒီဆောက်လုပ်မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။

ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတယ်ဆိုပေမဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကူးစိတ်သန်းကို ဖမ်းစားနိုင်တာ တဦးပဲရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်းပါပဲ။ ကျန်စစ်သားက သာမန်မျိုးရိုးထဲကပဲ ဖြစ်နိုင်ပေမဲ့ သူက သာမန်မဟုတ်တဲ့ အရည်အချင်းတွေ ပိုင်ပါတယ်။

သူရသတ္တိနဲ့ ပြည့်စုံပြီး ရဲရင့်တယ်။ ဘုရင့်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့ သူရဲကောင်းတယောက် ဖြစ်လာတယ်။ အဲဒါတွေကြောင့် ဘုရင်အိုကြီး မနာလိုဝန်တိုဖြစ်ခဲ့ပြီး သူ့ကို တော်လှန်ပုန်ကန်မယ့်လူလို့ သံသယတွေ ဝင်ခဲ့ပုံရပါတယ်။

အနော်ရထာလွန်တော့ ပျော့ညံ့ပြီး အရည်အချင်းနည်းတဲ့ သားတဦး နန်းတက်ခဲ့ပေမဲ့ ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်းတက်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အနော်ရထာရဲ့ အဆက်အနွှယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးလို့ပဲ ယူဆရပါတယ်။ ကျန်စစ်သားဟာ အမြော်အမြင်၊ စွမ်းရည်သတ္တိနဲ့ နှလုံးပြည့်ဝတယ်ဆိုတာ ပြနိုင်ခဲ့ပြီး သူ ဆောက်လုပ်ခဲ့တဲ့ အာနန္ဒာဂူဘုရားဟာ သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေပါတယ်။ ကြော့ရှင်းလှပတဲ့ အချိုးအစားရှိပြီး အလင်းနဲ့ အရိပ်ကို လိုသလိုရအောင် ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော တည်ဆောက်ပုံရောက အင်မတန်လှပပါတယ်။ အာနန္ဒာကို ဖူးတယ်ဆိုတာ ဂူကျောင်းထဲက ထူးခြားလှတဲ့ ရုပ်ပွားတော်ကြီးတွေထံ စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့ ဦးခိုက်ရသလို ရှားပါးလှတဲ့ အုပ်စိုးသူ မင်းတပါးကို လေးစားသမှု ပြုရသလိုလည်း ဖြစ်ပါတယ်။

ကျန်စစ်သားနဲ့သက်ဆိုင်တဲ့ အံအားသင့်စရာ ဂူစေတီလေး နှစ်ဆူလည်း ရှိနေပြန်ပါသေးတယ်။ တဆူက သူ့နန်းသက် အစောပိုင်းမှာ ရန်သူတွေကို အောင်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးအောက်မေ့တဲ့အနေနဲ့ တည်ထားတာဖြစ်ပြီး နောက်တဆူကတော့ သူ့ဘဝ နောက်ဆုံးပိုင်းအရောက် ဘဝတလျှောက်လုံး စစ်သူရဲကောင်းဘဝနဲ့ သူပြုမူခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် သံဝေဂရပြီး ပြေရာပြေကြောင်း ရည်စူးတည်ခဲ့တာပါ။ ခမ်းနားကျော်ကြားလှတဲ့ ဘုရားတွေကို ဖူးရတာနဲ့တော့ မတူညီတဲ့ အတွေ့အကြုံ ရသခံစားမှုတခု ဖြစ်နေပါလိမ့်မယ်။

မနူဟာစေတီကို အဖမ်းဆီးခံ မွန်ဘုရင် မနူဟာ တည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့် ထူးခြားတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်က မေးခွန်းထုတ်စရာတွေ များပေမဲ့ ဒီဘုရားဟာ လွတ်လပ်မှုကို မွတ်သိပ်တဲ့ ထိုင်းမှိုင်းလေးလံတဲ့ အာဝါသအဖြစ် ပေါ်လွင်အောင် တမင် ဒီဇိုင်းထုတ်ထားတယ်ဆိုရင် ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အထဲက ဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့ နေရာအကျယ်အဝန်းနဲ့ မကိုက်လောက်အောင် ကြီးမားနေပြီး ဖူးမြော်သူကို ပိတ်လှောင်မွမ်းကျပ်ခြင်းနဲ့ လွတ်မြောက်လိုမှု ပြင်းပြနေတဲ့ ဝိညာဉ်ရဲ့ ရုန်းကန်အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေပါတယ်။

အဲဒီ မနူဟာဘုရားကို သွားဖူးဖြစ်မယ်ဆိုရင်တော့ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ သိပ်ကို လိုအပ်နေတဲ့ အရာနှစ်ခုကို သတိပြုစေမှာပါ။

၁။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွတ်မျှတမှုအတွက် ယုံကြည်မှုခိုင်မာဖို့ရယ်

၂။ နိုင်ငံရေးလုပ်တဲ့အတွက် အကျဉ်းချခံရသူတိုင်း လွတ်မြောက်အေးချမ်းဖို့ပဲ ဖြစ်ပါတယ်။

ဒီအသိတွေကနေတော့ ပုဂံမှာ အပန်းဖြေအနားယူနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တစိတ်တည်းပါပဲလေ..။

အရာရာတိုင်းဟာ အနိစ္စဖြစ်ပြီး ဘယ်အရာမှ မမြဲပါဘူး။ ဒါဟာ ဗုဒ္ဓဝါဒက ကျနော်တို့ကို သင်ကြားပေးတာဖြစ်ပြီး ပုဂံကလည်း ဒါကိုပဲ သင်ပြပေးနေတယ်ဆိုတာ ပြိုပျက်ကွဲကြေသွားတဲ့ ပုဂံရဲ့ အသည်းနှလုံး အပိုင်းအစတွေက သက်သေပြနေသလို.. ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ပုဂံသူ ပုဂံသားတို့ရဲ့ နှလုံးအိမ်တို့ဟာလည်း အနာမကျက်သေးသလို တချိန်က အာရှကမ္ဘာမှာ အထွန်းလင်းဆုံး တောက်ပခဲ့တဲ့ ပုဂံကြယ်တာရာကြီးတလုံးဟာလည်း အရှိန်အဝါတွေ မှေးမှိန်ခဲ့တာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။

ရာဇဝင်ထဲက သတို့သမီးနဲ့ ဝေးကွာခဲ့တဲ့ အချိန်တွေဟာလည်း ရာစုနှစ်ဝက်နီးပါး ရှည်လျားခဲ့လေတော့ မိခင်မဲ့ခဲ့တဲ့ ကျန်စစ်သားနှလုံးသားနဲ့ မဏိစန္ဒာ တေးကဗျာတို့ဟာလည်း ဆိတ်သုဉ်းခဲ့လေတော့ အခုတော့ တဖန် ပြန်လည်နိုးထလာပြီး ဧရာဝတီရဲ့ မေတ္တာစမ်းရေစီးသံနဲ့ အတူတကွ ကျန်စစ်သားရဲ့ နှလုံးသားနဲ့ ရုန်းထပြီး နှလုံးသားတွေ လှရမယ့်အခြေကို ရောက်ခဲ့ပြီလား။

ကိုးကားချက် - မြန်မာပြည်မှ ပေးစာများ (အောင်ဆန်းစုကြည်)

ချစ်မင်းနွဲ့ကြည် ရေးသည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024