Home
ဆောင်းပါး
ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၇ နှစ်ပြည့်
DVB
·
June 26, 2023

ဆလိုင်းဆိုတာ၊ ရဲစွမ်းရာ “သား”

“ချင်း” စကားပင်၊ သတ္တိရှင်သားကလေးတဲ့။

တင်မောင်ဦးကား၊ ကျောင်းသားခေါင်းဆောင်

အင်းစိန်ထောင်မှာ၊ ကြိုးပေးတာခံ

အာဏာရှင်အောက်၊ ဒူးမထောက်သူ

တယောက်သာပေါ်၊ တထောင်ကျော်မှာ

မြန်မာပြည်ရဲ့ အာဇာနည်။

၁၉၇၆၊ ၂၆ ဇွန်၊ သူကွယ်လွန်ခဲ့

လေးဆယ့်ခွန်နစ်နှစ် ရှိပါပြီ။     ။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဗိုလ်ချုပ်ကြီးနေဝင်းက အာဃာတကြီးစွာနဲ့ အင်းစိန်ထောင်အတွင်း ကြိုးပေးသတ်စေခဲ့တာ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကပါ။ အခု ၂၀၂၃ ဇွန် ၂၆ မှာ ၄၇ နှစ်ကြာပြီပေါ့။ ဆယ်စုနှစ် ၅ ခု ကြာလာပြီဆိုပေမဲ့ သူ့ကို မမေ့နိုင်ကြသေးပါဘူး။ သတိရဆဲ။ လေးစားဆဲ။ အလေးပြုနေကြဆဲပါ။

ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့

ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်

သတ်ဖြတ်ခဲ့တယ်

ငါတို့ နှလုံးသားထဲမှာတော့

ဆလိုင်းတင်မောင်ဦး

ဘယ်တော့မှမသေ

လင်းခါး

စစ်အာဏာရှင်ကို အညံ့မခံ ဒူးမထောက်သူ

ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ မှာ ချုပ်နှောင်ထားခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ (မဆလ) မြန်မာ့ဆိုရှယ်လစ်ပါတီ အစိုးရက မတရား စစ်ခုံရုံးတင် စီရင်ပြီး ဆလိုင်းတင်မောင်ဦးကို သေဒဏ်ချတယ်။ စစ်ခုံရုံးကို အသနားခံစာ ပြင်ဆင်ချက်တင်ရင် တသက်တကျွန်း စသဖြင့် ပြစ်ဒဏ်လျှော့ပေးမယ်လို့ စစ်အာဏာရှင်တွေက ညှိခဲ့သေးပေမဲ့ “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” လို့ ရဲဝံ့စွာ ပြန်ပြောခဲ့သူပါ။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ မဆလ စစ်တပိုင်းအစိုးရက သူ့ကို အင်းစိန်ထောင်မှာ ကြိုးပေးစီရင် သတ်ဖြတ်ခဲ့တယ်။ ၄၇ နှစ် ကြာခဲ့ပြီ။

လွန်ခဲ့သော‌ ၄၇ နှစ်က ဒီနေ့ ဒီရက်

တိုင်းပြည်တခုလုံးကို

ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး

ဆလိုင်းတင်မောင်ဦးကိုတော့

တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။

လင်းခါး

၂၆ ဇွန် ၁၉၇၆ ခုနှစ် မနက် ၄ နာရီမှာ အင်းစိန်ထောင်မှာ တွံတေးသိန်းတန်သီချင်း အကျယ်ကြီး ဖွင့်ထားတယ်။ သီချင်းသံကြားနေရကတည်းက ထောင်အာဏာပိုင်တွေက သီချင်းသံကို အကာအကွယ်ယူပြီး မဟုတ်တာလုပ်တော့မယ်ဆိုတာ သိနေကြတယ်တဲ့။ အဲ့သည်အချိန် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသား ဦးမောင်မောင်တိတ်က ပြန်ပြောပြခဲ့ဖူးတာပါ။ အဲ့သည်သီချင်းသံတွေကြားထဲကပဲ “ဟေ့ကောင်တွေ ငါ့ကို လူမသိသူမသိသတ်ဖို့ ခေါ်ထုတ်လာပြီ ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ ကိုတင်မောင်ဦးအသံ မဆုံးခင်ဘဲ ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေရဲ့ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဟေး ဟေး အသံတွေဆုံးရင် ငါ့ကိုသတ်ဖို့ ခေါ်လာကြပြီဆိုတဲ့ ကိုတင်မောင်ဦးအသံကို ကြားလိုက်၊ ဟေး ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေ အသံနဲ့ ဖုံးပစ်လိုက်နဲ့ ကြိုးစင်ကို ရောက်သွားတယ်” လို့ ဦးမောင်မောင်တိတ်က ပြောပြခဲ့တယ်။ “ငါတော့သွားပြီ။ မင်းတို့ ဆက်တိုက်ကြ” ဆိုတဲ့ ကိုတင်မောင်ဦးရဲ့ အသံဟာ တသက်လုံး ပြန်ကြားနေရပါတယ်တဲ့။ ကိုလိုနီခေတ်ကစပြီး ကိုဂျင်မီ၊ ကို‌ဇေယျာသော်တို့ မတိုင်မီအထိ ပထဆုံး တဦးတည်းသော ကြိုးပေးခံ ကျောင်းသားခေါင်းဆောင်ဟာ ဆလိုင်းတင်မောင်ဦးပါ။

ဆလိုင်းတင်မောင်ဦး ဘဝအကြောင်း

အရှိုချင်းလူမျိုး ဦးလှဒင်နဲ့ ဒေါ်နှင်းမြိုင်တို့ရဲ့ ရင်သွေး ၈ ယောက်မှာ သူက အကြီးဆုံးပါ။ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒဘာသာအဓိကနဲ့ ကျောင်းတက်ခဲ့ပြီး ပထမနှစ်တက်တဲ့ ၁၉၇၂ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားလို့ အဖမ်းခံခဲ့ရတယ်။

၁၉၇၄ ဒီဇင်ဘာလ ဦးသန့်အရေးအခင်းကို သူ ဦးဆောင်ခဲ့တယ်။ တနှစ်ကျော်ကြာ ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြန်လွှတ်တယ်။ ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေး စာဆိုကြီး သခင်ကိုယ်တောင်မှိုင်း ရာပြည့်ပွဲမတိုင်ခင် တရက်အလို အဖမ်းခံတယ်။ ၁၉၇၆ ခုနှစ် ဇူလိုင် ၂၆ ရက် မနက် ၄ နာရီမှာ ကြိုးပေး အသတ်ခံခဲ့ရတယ်။ အထူးထောက်လှမ်းရေး အရာရှိဟောင်း ဦးသောင်းအေးကတော့ ကျောင်းသားလှုပ်ရှားမှုတွေ (၁၉၇၄၊ ၇၅၊ ၇၆) ပြင်းထန်နေချိန်မှာ ကြိုးပေးသတ်ပြလိုက်ရင် ကျောင်းသားထုတခုလုံး ကြောက်ရွံ့ နောက်တွန့်သွားစေဖို့ ဦးနေဝင်း စစ်အုပ်စုက ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ အဲ့သည်ခေတ် ကျောင်းသားတွေဟာ ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့တာကြောင့် စစ်အာဏာရှင်ကို ပိုမိုနာကျည်းသွားပြီး ပိုမိုပြင်းထန်တဲ့ တော်လှန်ရေးကြီးတွေ ဖြစ်လာရတယ်လို့ ဦးသောင်းအေးက ဆက်ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ဦးကို ကြိုးပေးသတ်လိုက်ရင် နောက်လူတွေ ကြောက်သွားမယ်လို့ မင်းအောင်လှိုင် တွေးခေါ်ပုံနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီတို့ကို သေဒဏ်ပေးလိုက်တဲ့နောက် အရှိန်လျော့မသွားဘဲ တော်လှန်စိတ်တွေ ပိုပြင်းထန်လာနေကြတာ ငြင်းမရပါဘူး။

ဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးဆန္ဒ

ကြိုးမပေးမီ မိသားစုတွေအားလုံးကို တွေ့သွားချင်တယ်။ သူ့အရိုးပြာကို ဂူသွင်းလိုတယ်လို့ ဆလိုင်းတင်မောင်ဦးက အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ အထူးထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိဟောင်း ဦးသောင်းအေးက ပြန်ပြောပြပါတယ်။ ဒါပေမဲ့ ကြိုးပေးပြီးတဲ့အခါမှာတော့ အလောင်းကို ချက်ချင်း ကြံတောသုသာန်ကို အမြန်ပို့ပြီး မီးသင်္ဂြိုဟ်စက်ထဲကိုထည့် အစဖျောက်လိုက်ကြတယ်လို့ မျက်မြင်တွေ့ခဲ့သူ ထောင်မှူးကြီးဟောင်း ဦးသိန်းဝင်းက ပြန်ပြောပြပါတယ်။ ဆလိုင်းတင်မောင်ဦး အရိုးဂူ တည်ထားရင် မျိုးဆက်သစ် ကျောင်းသားတွေက လာအလေးပြုကြမှာကို မလိုလားတဲ့ သဘောပါ။ အခု နွေဦးတော်လှန်ရေးမှာလည်း ဆန္ဒပြရင်း စစ်ကောင်စီတပ်က ပစ်သတ်လို့ သေသူတွေ၊ စစ်ကြောရေးမှာ သေသူတွေကို အလောင်းပြန်မပေးတာလည်း ဒီသဘောပဲလို့ ထင်ပါတယ်။ ဪ.. ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေ၊ နွေဦးတော်လှန်ရေး သူရဲကောင်း ကျဆုံးသူတွေရဲ့ ကျွင်းကျန် ရုပ်ကျွင်းတွေကိုတောင်မှ ကြောက်နေကြတဲ့ စစ်အာဏာရှင်တွေပါလား။ ဒါ ဘာဟုတ်ဦးမလဲ။ စစ်အာဏာရှင်တွေဟာ ပန်းပန်တာ၊ ပန်းကိုင်တာကိုတောင်မှ ကြောက်နေကြတာပဲ မဟုတ်လား။

ဆလိုင်းတင်မောင်ဦးကျဆုံး ၃၅ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်…

“ဆလိုင်းတင်မောင်ဦးဟာ သူတဦးတည်းရဲ့ ယုံကြည်မှုအတွက် အသက်စတေးသွားခဲ့တာ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံကို လူမျိုးပေါင်းစုံ ပြည်သူအားလုံးရဲ့ ကွန်းခိုရာအဖြစ် မြင်တွေ့ချင်ကြတဲ့ မြောက်မြားလှစွာသော မြန်မာနိုင်ငံသားတို့ရဲ့ ယုံကြည်ချက်တွေ အတွက်ပါ အသက်စတေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို အောက်မေ့ သတိရနေကြတဲ့အခါမှာ ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းတဦးအတွက်တင်မက မြန်မာပြည်သူပြည်သား အားလုံးအတွက်ကိုပါ ရည်စူးအောက်မေ့ပြီး သတိရကြရမှာ ဖြစ်ပါတယ်။ ကျမတို့အားလုံးဟာ လွတ်လပ်စွာ တွေးတောပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေး ဖွဲ့စည်းပိုင်ခွင့် အစရှိတဲ့ လွတ်လပ်မှုတွေကို ယုံကြည်တယ်ဆိုရင် ဆလိုင်းတင်မောင်ဦးကို အငြင်းပယ်ခံခဲ့ရတဲ့ ဒီအခွင့်အရေးတွေအားလုံး ရှင်သန်အောင် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကျန်ရှိနေတဲ့ ကျမတို့တတွေက ဆက်လက်လုပ်ဆောင်ပြီး တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့ ကျင်းပနေကြတာကို မြင်တွေ့ရတဲ့အခါမှာ ပြည်တွင်းမှာ ရုန်းကန်နေကြတဲ့ ကျမတို့ ပြည်သူတွေကို ခွန်အားရစေပါတယ်။ မကြာတော့တဲ့ ကာလမှာ ကျမတို့ဟာ အာဇာနည်တွေ၊ သူရဲကောင်းတွေရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ရဲဘော်တို့ရဲ့ ပေးဆပ်မှုတွေဟာ ပေးဆပ်ရကျိုး နပ်ပါတယ်ဆိုပြီး ဥဒါန်းကျူးနိုင်တော့မှာ ဖြစ်ပါတယ်။”

(မှတ်ချက်။ ။ ၂၀၁၁ ခုနှစ်က ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်အခမ်းအနားကို ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပချိန် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ အင်္ဂလိပ်ဘာသာ ဗွီဒီယို အမှာစကားကို ဆလိုင်းကစ်ခိုလျန်ရဲ့ ဘာသာပြန်ချက် ဖြစ်ပါတယ်။)

ဆလိုင်းတင်မောင်ဦးကို အောက်မေ့ဂုဏ်ပြုခြင်းအစစ်

အခုအခါ လူထုဆက်သွယ်ရေးတွေ အားကောင်း လွယ်ကူလာနေတာကြောင့် သူ့သမိုင်းကြောင်းကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ သူ့ဂုဏ်ပြုပွဲတွေကို နှစ်စဉ် ဇွန်လ ၂၆ ရက်တိုင်းလည်း ကျင်းပနေကြပြီဆိုတာ လူတိုင်းသိနိုင်တာပေါ့။ အခုက အွန်လိုင်းကတောင် ကျင်းပနေကြပြီလေ။ ဒါပေမဲ့ ဆလိုင်းတင်မောင်ဦးကို လွမ်းဆွတ်၊ အောက်မေ့၊ ဂုဏ်ပြုနေရုံနဲ့ မပြီးသေးဘူးလို့ ထင်ပါတယ်။ “ဆလိုင်းတင်မောင်ဦးကို အငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေ ရရှိအောင် ဆက်လက် တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့နေကြရတဲ့ နွေဦးတော်လှန်ရေးကြီးမှာ အင်တိုက်အားတိုက် ပါဝင်လိုက်ကြပါ။ ဒါမှသာ ဆလိုင်းတင်မောင်ဦးကို တကယ့် စစ်စစ်မှန်မှန် ဂုဏ်ပြုရာ ရောက်ပါလိမ့်မယ်။     ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024