Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း YMBA အသင်းဝင် ၁၂ ဦး အသတ်ခံရ
DVB
·
June 25, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A) မှ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင်အပါအဝင် ၁၂ ယောက်အထိ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်နဲ့ မန္တလေးတိုင်းအတွင်း လက်နက်ကိုင်ဆောင်သူတွေရဲ့ ပစ်ခတ်မှုကြောင့် Y.M.B.A အသင်းမှ ပြည်နယ် နယက၊ မြိုနယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အမှုဆောင်အပါအဝင် အမျိုးသား ၁၁ ယောက်နဲ့ သင်တန်းနည်းပြ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ အသင်းဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"တပ်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးသေရင် ဘွဲ့ပေးတာကို အတုခိုးပြီး YMBA က ဂုဏ်ထူးဆောင်ဘွဲ့ပေးတာ သေတဲ့သူ များလာလို့၊ အချို့လူကြီးတွေဆို လက်နက်ကိုင်ခွင့် ပေးထားတယ်ကြားတယ်။" 

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်အထိ ရန်ကုန်တိုင်းအတွင်းရှိ YMBA အသင်းမှ တိုက်ကြီးမြို့နယ်ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနဲ့ အတွင်းရေးမှူး ဦးမိုးဝင်း၊ ဒလမြို့နယ် ဥက္ကဋ္ဌ ဦးဟန်တင်၊ ဒေါပုံမြို့နယ် ဥက္ကဋ္ဌ ဦးထွန်းရီ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဥက္ကဋ္ဌ ဦးလှကြည်၊ ရန်ကင်းမြို့နယ် သင်တန်းနည်ပြ အဆိုတော်လီလီနိုင်ကျော် တို့ သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မွန်ပြည်နယ် ပေါင်မြို့နယ်မှာ YMBA အသင်း ပြည်နယ်နာယက ဦးခင်မောင်ဦး နဲ့ သံဖြူဇရပ်မြို့နယ် အတွင်းရေးမှူး ဦးဌေးအောင်တို့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ YMBA အသင်းဥက္ကဋ္ဌ ဦးကျော်တင့်ဦးနဲ့ အတွင်းရေးမှူ ဦးခင်မောင်ကြည် တို့နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အလားတူပင် မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ YMBA အသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနဲ့ အမှုဆောင် ဦးမျိုးမြင့်သိန်းတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသူ ၁၂ ယောက်ဟာ စစ်ထောက်ခံသူတွေ ဖြစ်သလို အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကာ ရဲနဲ့စစ်တပ်ကို သတင်းပေးသူတွေအဖြစ် မြို့နယ်တွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024