Home
မြန်မာသတင်း
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြင်ဦးလွင်နှင့်ကချင်စစ်ရှောင်စခန်းများ၌ ရေကြီးမှုကြုံခဲ့ရ
DVB
·
June 25, 2023

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ဇွန် ၂၄ ရက်က ည ၈ နာရီကနေ ည ၁ နာရီလောက်အထိ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဂဲလောင်းချောင်းတလျှောက် ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး နေအိမ်တချို့ ရေဝင်ကာ ပြင်ဦးလွင် အခြေစိုက် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းကနေ ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မှာ ဇွန် ၂၄ ရက် ည ၁၂ နာရီအချိန်ထိ မိုးရွာသွန်းခဲ့တဲ့ မိုးရေချိန် စုစုပေါင်း ၅.၆၂ လက်မ ရရှိထားပြီး ရေကြီး ရေလျှံမှု ဖြစ်နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။ 

လက်ရှိမှာတော့ ဂဲလောင်းချောင်း ရေလျှံမှုက ရေကျသွားပြီဖြစ်ပြီး ချောင်းနံဘေး မပြုပြင်ရသေးတဲ့ ရေမြောင်းတွေကို ပြုပြင်နေတယ်လို့ သန္တိသုခ လူမှုကူညီရေးအသင်းက ပြောပါတယ်။

"အနိမ့်ဘက်တွေ ရေနည်းနည်းဝင်တာ ရှိတယ်။ မြောင်းနံဘေးတွေ နိမ့်တဲ့ဘက်တွေပေါ့။ အခုက မြောင်းတွေက ပြင်တယ်၊ ပြင်ထားတဲ့ဟာတွေက အမြင့်ဘက်တွေတော့ မလျှံဘူး။ နိမ့်တဲ့ဘက်တွေတော့ လျှံတယ်။ မြောင်းကို ပြင်နေကြတယ်။ မပြင်ရသေးတဲ့ နေရာတို့ နိမ့်တဲ့ဘက်အခြမ်းတွေ ဝင်တာပေါ့။ မနှစ်လောက်ကတော့ မဟုတ်ဘူး။ မိုးက ၈ နာရီလောက်ကတည်းက သည်းတာ ၁ နာရီလောက်အထိပေါ့။ မိုးအသည်းအသန်ရွာတာ။ ရေကတော့ ကျသွားပြီ။ တချို့အိမ်တွေဆို ဒူးလောက်နဲ့ တချို့လမ်းပေါ်တွေဆို ပေါင်လောက်ထိ မြှုပ်တယ်။ မြောင်းဘေးတလျှောက် မပြင်ရသေးတဲ့ နေရာတွေပေါ့။ ပြင်နေတယ် တချို့နေရာတွေက ပြီးပြီ။ မပြီးတဲ့နေရာတွေကျ ရေလျှံပြီး လမ်းမပေါ်တွေ အိမ်ထဲထိ ရောက်ကုန်တာပေါ့။"

မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးအချို့နဲ့ ပြည်နယ် တော်တော် များများမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

ဇွန် ၂၄ ရက် မနက်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး ဂျဲယန် စစ်ရှောင်စခန်းမှာ ရေကြီးခဲ့ပြီး မိုးမောက်မြို့နယ်အတွင်း အင်ခေါင်းပါ စစ်ရှောင်စခန်းဘက်မှာလည်း ရေကြီးမြိုပြိုလာမှာကို စိုးရိမ်နေကြရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

"အိမ်တွေမှာ ဗွက်အိုင်တွေ ဖြစ်ကုန်လို့ ဒုက္ခရောက်နေတာ။ ရေတွေနဲ့ ပြိုတဲ့နေရာပြို။ ရေကြီးလို့ နေရာအနှံ့ ဒုက္ခ ဖြစ်နေကြတာ။ စစ်ဘေးကြောင့် ဒုက္ခရောက်တယ်။ အခု ရေဘေး ထပ်ကြုံရတယ်။ ဘေးအန္တရာယ် အမျိုးမျိုး ကြုံနေရတယ်။ အခက်အခဲ တော်တော် ဖြစ်တယ်။ ဒီမနက် ၆ နာရီခွဲလောက်ကစပြီး ရေကြီးလာတာ။ ကျောက်တုံးတွေ အကြီးကြီးတွေရော တဝုန်းဝုန်းနဲ့ လှိမ့်ပြီး မျောပါလာတဲ့ အသံကြားနေတာ။ ရေ အရမ်းကြီးနေတယ်။ ရေက နည်းနည်းကျလာပေမယ့် ခုတောင် မိုးထပ်ရွာတော့မယ်။ စစ်ရှောင်ကလူတွေ လုပ်အားပေးပြီး သန့်ရှင်းရေး ဝိုင်းလုပ်နေတယ်။"

ဇွန် ၂၅ ရက် မနက်ပိုင်း တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တခု ဖြစ်ပေါ်နေတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇွန်လ ၂၄ ရက်ကနေ ၂ ရက်အတွင်း ရခိုင်နဲ့ ကချင်ပြည်နယ်တို့မှာ မိုးပိုနိုင်တယ်လို့ သတိပေးထားပါတယ်။

မြန်မာ ကမ်းရိုးတန်းဒေသတွေမှာ ဇွန်လကုန်အထိ မုတ်သုံလေ ဆက်လက် အားကောင်းပြီး ကမ်းရိုးတန်း ဒေသတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးကြီးနိုင်တာကြောင့် ရေကြီး ရေလျှံ သတိပြုကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024