မန္တလေး၊ အမရပူရမြို့နယ်နဲ့ မြစ်ငယ်မြို့တို့က စစ်တပ်လုံခြုံရေးဂိတ်တွေမှာ ဇွန် ၂၃ ရက်နေ့က အမျိုးသား ၄ ဦးနဲ့ ကုန်တင်ကား နစ်ဆန် ၁ စီး၊ အိမ်စီးကား တိုယိုတာ ၁ စီးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီနေ့လယ်ပိုင်းက စစ်ကိုင်း- မန္တလေးလမ်းအတိုင်း အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ဦး မောင်းလာတဲ့ နစ်ဆန် ၁၂ ဘီးကားကို အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာ၊ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ရှာဖွေခဲ့တာပါ။
ကုန်တင်ကားပေါ်မှာ လုပ်ငန်းသုံး ယမ်းကြိုးခွေ ကိုက် ၅၀၀ ခန့် (တန်ဖိုးကျပ်သိန်း ၂၅၀) ကို သိမ်းဆည်းကာ ယာဉ်မောင်းဖြစ်သူလည်း ဖမ်းဆီးခံထားရပါတယ်။
ညနေ ၅ နာရီခွဲလောက်ကလည်း မြစ်ငယ်မြို့၊ စွယ်တော်ကားဝန်းမှာ တိုယိုတာ RAV4 ကားမောင်းလာတဲ့ ယမ်းကြိုးခွေပိုင်ရှင်ဆိုသူ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ ကားပေါ်ပါ အမျိုးသား ၂ ဦးကိုပါ ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စွယ်တော်ကားဝန်းအနီးအနားနေသူတဦးက “ညနေပိုင်းလောက်က ကားကွင်းထိပ်မှာ ကားတစီးကို ဖမ်းသွားတာ တွေ့တယ်၊ ကားအစိမ်းထဲက ၃ ယောက်စလုံးသွားတယ်၊ သတင်းရတဲ့ပုံစံနဲ့ ဖမ်းသွားတာ၊ ဖမ်းတဲ့အထဲ စစ်တပ်ရော ရဲရောပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၄ ဦးဟာ စဉ့်ကူးမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့က ဖြစ်တယ်လို့ သိရပြီး အမရပူရမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။