စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီး သိမ်တော်ကျေးရွာနဲ့ ရွှေအင်းလေးကျေးရွာတို့ရှိ ရွာသားတွေရဲ့ နေအိမ်တွေကို ဇွန် ၂၄ ရက် ဒီမနက် ၉ နာရီကျော်မှာ စစ်တပ်က မီးရှို့နေတယ်လို ဒေသခံတွေ ထံက သိရပါတယ်။
ဇွန် ၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်ပြီးနောက် စစ်တပ်က အခုလို ဒေသတွင်း ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထန်းတောရွာဒေသခံပြည်သူတဦးက " နေတိုင်းရှို့နေတာ။ ဇွန်လ၉ရက်နေ့ကနေ ဒီနေ့ အထိ ၂၂ နဲ့ ၂၃ ရက်နေ့တွေပဲ မီးရှို့တာနားတယ်။ ဒီနေ့မနက်ခင်းထပ်ရှို့တာ။ အခု သိမ်တော်နဲ့ ရွှေအင်းလေးရွာမှာ နေရာ လေး နေရာခွဲပြီးမီးတင်ရှို့နေတယ်ဗျ။ မီးခိုးတွေကတော့ရွာထဲကနေ တက်နေတာ"လို့ ပြောပါတယ်။
စစ်တပ်ရဲ့ မီးရှိ့ဖျက်ဆီးမှုကြောင့် ရွာသားတွေရဲ့ နေအိမ် ဘယ်လောက် မီးထဲပါသွားတယ်ဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။
ဇွန် ၉ ရက်ကနေ ၂၄ ရက်အထိ ဒေသခံ ၅၀၀၀ ကျော်ဟာ နေရပ်ပြန်လည် နေထိုင်ခြင်းမရှိဘဲ စစ်ရှောင်စခန်းတွေမှာရှောင်တိမ်းနေကြရပါတယ်။