တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုလမ်းဆုံနားမှာ ဇွန် ၂၃ ရက်နေ့ ည ၇ နာရီ လောက် ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား ၃ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပတ်ကင်းအဖွဲ့က ကားတစီးကို စစ်ဆေးမြေးမြန်းတာမှာ ဆဲပြီး မောင်းထွက်သွားတာကြောင့် လိုက်လံပစ်ခတ်ရာက အဲဒီပစ်ခတ်ခံရတဲ့ကားက ဆိုင်ကယ် ၂ စီးကို တိုက်သွားတယ်လို့ ဆိုပါတယ်။
"အရပ်သား သုံးယောက် သေဆုံးတာပါ။ တချို့က ဆေးရုံရောက်မှ သေတာ။ အဲ့လူတွေက ကားဘော်ဒီရုံက လူတွေ" လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။
ဆယ်ဗျူဟာ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက "ဘယ်အဖွဲ့မှ လာပစ်တာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ လန့်ဖြန့်ပြီး ပစ်တာ။ အခု သူတို့မေးတဲ့ကားသမားက ဆဲဆိုတာကို PDF ထင်ပြီး ပစ်ထည့်လိုက်တာ။ ထိတာက ခြောက်ယောက်ထက်ကို မကဘူး။ အကုန် ရမ်းပစ်တာနဲ့ ကားက ဆိုင်ကယ်ကို ဝင်တိုက်ပြီး ထိတာတွေရောပဲ။ အတိအကျကို မသိရသေးဘူး" လို့ ပြောပါတယ်။
မနေ့ည တချိန်တည်းလောက်မှာ မူဆယ်မြို့ပေါ်က စွမ်စော် ၄ လမ်းနဲ့ စက်မှု လမ်းဆုံနားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့စစ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ကား ၂ စီး ဖမ်းမိတယ်။ ကား ၁ စီးမှာက လူမပါဘူး။ သေနတ်က ရထားတယ်။ လူက ထွက်ပြေးသွားတယ်။ ကား ၁ စီးက လူ ၁ ယောက် သေသွားတယ်။ ၂ ယောက်က ထိခိုက် ဒဏ်ရာရလို့ ဆေးရုံရောက်နေတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ။ တောက လူတွေ လို့ပြောတာ၊ PDF တွေနဲ့ ထင်တယ်။"
မနေ့ညက လားရှိုးမြို့အထွက် ပြည်ထောင်စု လမ်းမပေါ်က အသောက ဆီဆိုင်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့ပေါ်မှာလည်း ပြည်သူ့စစ် အချင်းချင်း ပြင်းပြင်းထန်ထန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၂ ရက် ည ၆ နာရီခွဲ ဝန်းကျင်ကလည်း မူဆယ် ဟိုနားရပ်ကွက်၊ စက်မှုကုန်းက မူလတန်း စာသင်ကျောင်းနား စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း ပတ်ကင်းအဖွဲ့ ကင်းလှည့်နေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်တာ ခံခဲ့ရပြီး ပတ်ကင်းကားပေါ် စက်သေနတ်ထိန်းတဲ့ ပြည်သူ့စစ် ၁ ဦး ဗိုက်မှာ ကျည်ထိ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒါ့အပြင် ဇွန် ၂၁ ရက်နေ့ည ၁၀ နာရီ ဝန်းကျင်ခန့်ကလည်း ငွေလဲလှယ်လုပ်ငန်းလုပ်တဲ့ မိသားစု အိမ်စီးကားကို လူ ၅ ယောက်ခန့်က လာရောက်ပစ်ခတ်သွားလို့ ကားမောင်းနေတဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
မူဆယ်မြို့မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မြို့ပေါ် လမ်းတွေမှာ စစ်ဆေးတာတွေ၊ ပတ်ကင်းလှည့်တာတွေ နေ့တိုင်းပြုလုပ်နေပေမယ့် ပစ်ခတ်ခံရလို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေ၊ ဗုံးပေါက်ကွဲတာတွေ၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပြေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာပါ။
"မူဆယ်က မလုံခြုံတော့ဘူး။ နေရတာ ခပ်လန့်လန့်ပဲ။ နေချင်စရာ မကောင်းတော့ဘူး" လို့ ရွှေ့ပြောင်းလုပ်သားတဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်မြို့ပေါ်မှာ တရုတ် လုပ်ငန်းရှင်ပိုင် လောင်းကစားဝိုင်းတွေ၊ ငွေလိမ်ကုမ္ပဏီတွေရဲ့ လုပ်ငန်း ပိုမို ကြီးထွားလာပြီး မူးယစ်ဆေးဝါးထဲမှာ အန္တရာယ်အများဆုံးဖြစ်တဲ့ K (ကက်တမင်း) နဲ့ happy (စိတ်ကြွစေတဲ့ ကော်ဖီလို ဖျော်သောက်ရတဲ့ ဆေးထုပ်) တွေ အဓိက ရောင်းဝယ်တဲ့ KTV တွေ ပိုမို ကျယ်ပြန့်လာတာ တွေ့ရပါတယ်။