Home
ဆောင်းပါး
ထိုးစစ်မှသည် ခွာစစ်၊ ခံစစ်၊ နောက်ဆုံး ပြေးစစ်ဆင်ရမည့် ပြည်သူမုန်းတဲ့ မိစ္ဆာတပ်
DVB
·
June 24, 2023

သမိုင်းမှာ မကြုံဘူးလောက်‌အောင် ပြည်သူလူထုတရပ်လုံးရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်ထိုးစစ် ဆင်လာတာကို ရင်ဆိုင်ရရင်း စစ်ရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ သံတမန်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ စတဲ့ကဏ္ဍအသီးသီးမှာ အကျရှုံးကြီးမားစွာနဲ့ ရှုံးနိမ့်လာတာမို့ စခန်းငယ်တွေ ထားရစ်ပြီး ခွာစစ်ဆင်လာရတာ အတော်ကြာပါပြီ။ အခုတော့ စစ်ဓားပြ မီးရှို့မိစ္ဆာတပ်ဟာ ခံစစ်ကို ပြင်ဆင်လာရပြီး နောက်ဆုံးမှာ ပြေးစစ်ဆင်ပြီး လက်နက်ချအညံ့ခံရင်း ပြိုကွဲပျက်သုဉ်းရခြင်းမှတပါး အခြားမရှိတော့ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် DVB TV News သတင်းမှာ မြန်မာနိုင်ငံတဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေးဂိတ်များနှင့် ရဲစခန်းများတွင် PDF များ လာရောက်တိုက်ခိုက်ပါက ကြံ့ကြံ့ခံနိုင်ရေး အခိုင်အမာ ခုခံစစ် ပြင်ဆင်ထားကြရန် စစ်ကောင်စီက ထပ်မံညွှန်ကြားထားတဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ ကတုတ်ကျင်းတွေတူးထားဖို့၊ တပ်ခြံစည်းရိုးတွေကို အခိုင်အမာ တည်ဆောက်ထားဖို့၊ မိုင်းများမြှုပ်နှံပြင်ဆင်ထားဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့၊ ဘန်ကာ၊ သဲအိတ်၊ ရှေ့ထွက်ကင်း၊ ကာကင်းတွေကို စနစ်တကျ ပြင်ဆင်ထားဖို့၊ တပ်ရင်းတပ်ဖွဲ့‌တွေ ရဲစခန်းတွေမှာ ၂၄ နာရီ လုံခြုံရေး အသင့်ပြင်ထားပြီး ကင်းပုန်ချထားဖို့၊ လက်နက်တိုက်တွေရဲ့ လုံခြုံရေးအတွက် အရင်ထက် ပိုမိုမြှင့်တင်ထားဖို့၊ ဒရုန်းနဲ့ ဗုံးကြဲမှုတွေအတွက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဟာ Jammer စက်တွေ၊ ဒရုန်းကို ပစ်ချနိုင်တဲ့ ဒရုန်းပစ်လက်နက်တွေ အသင့်ပြင်ထားဖို့၊ အဲ့ဒီစက်တွေ မရှိသေးရင် တောင်းခံတပ်ဆင်ကြဖို့၊ တပ်ရင်းတပ်ဖွဲ့တွေ စခန်းတွေမှာ မိသားစုဝင်တွေ စစ်သည်တွေ အဖွဲ့ဝင်တွေကို မလိုအပ်ဘဲ ပြင်ပထွက်ခွင့်နဲ့ ခွင့်ယူခွင့်တွေ မပေးဖို့ စဝာာတွေ ညွှန်ကြားခဲ့ပါသတဲ့။

ဒါဟာ ဘာကိုညွှန်ပြသလဲဆိုရင် အာဏာလု စစ်ဓားပြတပ်ဟာ ထိုးစစ်မဆင်နိုင်ရုံသာမက ရှေ့တန်းစခန်းများစွာကို စွန့်ခဲ့ရရင်း ခွာစစ်ဆင်လာရာက အခုနောက်ဆုံး ခံစစ်ပြင်လာရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ခံစစ်ပြင်ပြင် စိတ်ဓာတ်ပျက်ပြား ချောက်ချားနေတဲ့ စစ်ဓားပြတပ်ဟာ ပြည်သူအားလုံးရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို မခံနိုင်ဘဲ အရှုံးကြီးရှုံးလို့ ကစဉ့်ကလျား စွန့်ခွာထွက်ပြေးကြရမှာ ဖြစ်ပါတယ်။

စာရေးသူက ဒီလိုရေးပြတာဟာ အကျိုးအကြောင်းမဲ့ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒနဲ့ စိတ်ကူးယဉ်ရေးတာလည်း မဟုတ်ပါဘူး။ ကမ္ဘာ့စစ်ရေးနယ်ပယ်မှာ ကျော်ကြားထင်ရှား လူသိများတဲ့ စစ်ရေးသေနင်္ဂဗျူဟာ ပညာရှင်လည်းဖြစ်၊ စစ်ရေးပါရဂူ တရုတ်စစ်သူကြီး ဆွန်ဇူးက သေရေးရှင်ရေးအတွက် အရေးကြီးတဲ့ စစ်ပွဲကြီးတွေမှာ ဘယ်သူ့ဘက်ကနိုင်မယ်၊ ဘယ်သူ့ဘက်က ရှုံးမယ်ဆိုတာကို ကြိုတင်သိစေနိုင်တဲ့ မဟာဗျူဟာကျတဲ့ ညွှန်းကိန်း ၅ ချက်ကို သူကိုယ်တိုင် ရေးသားစီရင်ခဲ့တဲ့ The Art of War ကျမ်းထဲမှာ ထောက်ပြထားခဲ့ပါတယ်။

အဲ့ဒါတွေကတော့ …

၁။ ဦးတည်ရာလမ်း၊ ကျင့်ဝတ်ကျင့်စဉ်တရား (Way)

၂။ ဥတု၊ သဘာဝ အာကာသ အခြေအနေ (Heaven)

၃။ ရေခံမြေခံ ပထဝီအနေအထား (Ground)

၄။ ခေါင်းဆောင်အရည်အသွေး (General)

၅။ ဥပဒေ စည်းကမ်း (Law) စတာတို့ ဖြစ်ကြပါတယ်။

ဦးတည်ရာလမ်း၊ ကျင့်ဝတ် ကျင့်စဉ်တရား (Way)

စစ်တပ်တတပ်အတွက်ဖြစ်ဖြစ်၊ ကုမ္ပဏီတခုအတွက်ဖြစ်ဖြစ်၊ နိုင်ငံတခုအတွက်ဖြစ်ဖြစ် အုပ်ချုပ်သူ ခေါင်းဆောင်ကနေ အောက်ခြေငယ်သားအထိ ဦးတည်ရာလမ်းနဲ့ ကျင့်ဝတ် ကျင့်စဥ်အပေါ် အကြွင်းမဲ့ယုံကြည်မှုတူ၊ စိတ်ဓာတ်တူ၊ ဘုံအသိတူ၊ ကျင့်ဝတ်တူပြီး ညီညီညွတ်ညွတ်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။

ရည်မှန်းချက် ဦးတည်ရာလမ်းနဲ့ ကောင်းမြတ်တဲ့ကျင့်စဉ်ကို ခေါင်ဖျားကနေ ကြမ်းကြားအထိ အသိတရားနဲ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ယုံကြည်ပြီး အတူလျှောက်လှမ်းလိုစိတ်၊ လိုက်နာလိုစိတ်၊ အထက်နဲ့အောက် တသားတည်းရှိတဲ့ အဖွဲ့အစည်းဟာ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဦးတည်ရာလမ်းနဲ့ ကျင့်ဝတ် ကျင့်စဥ်အပေါ် ယုံကြည်မှုမရှိတဲ့၊ မလိုက်နာတဲ့ စစ်တပ်ဟာ ရှုံးနိမ့်ဖို့ သေချာတယ်လို့  ဆိုလိုတာပါပဲ။

ရာသီဥတု၊ သဘာဝ အာကာသ အခြေအနေ (Heaven)

စစ်ပွဲတပွဲကိုပဲတိုက်တိုက်၊ ရွေးကောက်ပွဲတခုကိုပဲပြိုင်ပြိုင် ခန့်မှန်းရခက်ခဲတဲ့ ရာသီဥတု သဘာဝ အာကာသ ပတ်ဝန်းကျင်ပြောင်းလဲမှု၊ အပူအအေး၊ နေ့ ည၊ အလင်းအမှောင်၊ မိုးလေဝသ အခြေအနေနဲ့ နိုင်ငံရေးရာသီဥတု၊ မိမိတပ်ဖွဲ့ဝင်၊ မိမိပါတီဝင် ပြည်သူလူထုရဲ့ဆန္ဒ စိတ်အားထက်သန်မှုရှိမရှိ၊ စိတ်ဓာတ်အတက်အကျ၊ ခွန်အား ခံနိုင်ရည် အခြေအနေ စတာတွေကို မပြတ်အကဲခတ်ပြီး လိုက်‌ေလျာညီထွေစွာ အမြန်ဆုံး လှုပ်ရှားဆုတ်တက် စစ်ဆင် ပြိုင်ပွဲဝင်တတ်ဖို့ဟာ အလွန်အရေးကြီးတဲ့ သဘောကို ဆိုလိုပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြောင်းလဲနေတဲ့ မိုးလေဝသ အခြေအနေ၊ ကြမ်းတမ်းဆိုးဝါးတဲ့ ရာသီဥတု ဖိစီးမှုအောက်မှာ မိမိတပ်မှူး တပ်သားတွေရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်အင်အား၊ တိုက်ပွဲဝင်လိုစိတ် ရှိမရှိ သိအောင်မစုံစမ်းဘူး၊ စုံစမ်းလို့သိပါလျက်နဲ့ သူတို့ရဲ့ဆန္ဒမှန်ကို အ‌လေးမထားဘူး၊ နားမလည်ဘူးဆိုရင် စစ်ရှုံးမယ်လို့ ဆိုချင်တာဖြစ်ပါတယ်။

ရေခံမြေခံ ပထဝီအနေအထား (Ground)

အနိမ့်အမြင့်၊ အနီးအဝေး၊ အတားအဆီး ချောမွေ့မှု၊ နေရာအကျယ်အကျဉ်း၊ အန္တရာယ်လုံခြုံမှု စတဲ့ သေ‌ရေးရှင်ရေးကြုံ‌တွေ့နိုင်စရာ ရေမြေအနေအထားတွေ၊ ဒေသခံ ဓလေ့ထုံးတမ်း အစွဲအလမ်း၊ ယဉ်ကျေးမှု ဥပဒေသတ်မှတ်ချက် စတာအားလုံးဟာ ရေခံမြေခံ ပထဝီအနေအထားထဲမှာ အကျုံးဝင်ပါတယ်။ ရေမြေတောတောင် ပထဝီအနေအထား တည်ရှိနေပုံတွေကို ရင်းနှီးကျွမ်းဝင်နေရုံမက အဲ့ဒီ ရေမြေဖွဲ့စည်းပုံ အကန့်အသတ်၊ အတားအဆီး၊ အခက်အခဲတွေကို အကျိုးရှိစွာအတွက် အသုံးချတတ်ဖို့လိုတယ်လို့ ဆိုလိုပါတယ်။ အဲ့ဒီ ရေခံမြေခံ ပထဝီအနေအထား မကျွမ်းကျင်ဘဲ၊ နားမလည်ဘဲ စစ်တိုက်ရင် သေချာပေါက် စစ်ရှုံးရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်အရည်အသွေး (General)

ခေါင်းဆောင်တယောက်ဟာ နောက်လိုက်ဗိုလ်ပါ တပ်သားတွေရဲ့ နှလုံးသားအသိနဲ့ ယုံကြည်ကိုးစား ထောက်ခံမှုရနိုင်ဖို့ဆိုတာ အောက်ပါအရည်အသွေး ၅ ချက်နဲ့ ပြည့်စုံရမယ်လို့ ဆွန်ဇူးက ဆိုပါတယ်။

က။ ဉာဏ်ပညာ – Wisdom

ခ။ ကောင်းသတင်းဂုဏ်သိက္ခာ – Credibility

ဂ။ စေတနာသဒ္ဓါတရားရက်ရောမှု – Benevolence

ဃ။ ရဲစွမ်းသတ္တိ – Courage

င။ စည်းကမ်းစိတ်ဓာတ်ကောင်းမွန်မှု – Discipline

တို့ပဲ ဖြစ်ကြပါတယ်။

အထက်ပါ ဂုဏ်အရည်အသွေးမရှိတဲ့ ခေါင်းဆောင်က ဦးဆောင်စစ်တိုက်ရင် သေချာပေါက် စစ်ရှုံးမယ်လို့ ဆိုလိုပါတယ်။

ဥပဒေ စည်းကမ်း (Law)

စစ်တပ်တတပ်ဟာ အစဉ်အမြဲ ခိုင်မာတောင့်တင်းစွာ ရပ်တည်နိုင်ဖို့၊ အောင်ပွဲတွေရနိုင်ဖို့ အတွက် စစ်စည်းကမ်းကောင်းမွန်ရမှာ ဖြစ်သလို မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်တရပ်နဲ့ အမိန့်နဲ့ ဥပဒေစိုးမိုးအောင်၊ အဂတိတရားကင်းအောင် ထိထိရောက်ရောက် စီမံခန့်ခွဲ အုပ်ချုပ်နိုင်ဖို့ လိုပါတယ်။

ရှင်းလင်းပြတ်သားတဲ့ အမိန့် ဥပဒေနဲ့ စစ်စည်းကမ်းတွေ၊ တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပီပြင်တဲ့ တာဝန်ဝတ္တရား သတ်မှတ်ချက်နဲ့ လုပ်ပိုင်ခွင့်တွေ၊ ထင်သာမြင်သာတဲ့ အခွင့်အရေး ခံစားမှုတွေနဲ့အတူ ပြတ်သားတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပြဋ္ဌာန်းဖို့ မဖြစ်မနေ လိုအပ်သလို မိမိခွန်အား မဖြုန်းတီးဖို့ မိမိရဲ့ ဘဏ္ဍာငွေကြေး ရိက္ခာဆေးဝါးတွေ မလေလွင့် မဆုံးရှုံးစေဖို့ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့လည်း လိုပါတယ်။

စစ်တပ်တတပ်ရဲ့ ကျောရိုးနဲ့တူတဲ့ စစ်အမိန့်၊ စစ်စည်းကမ်း၊ စစ်ဥပဒေသတွေ မမှန်ကန်ဘူး၊ တပ်မှူးတပ်သားတွေက စစ်အမိန့်ကို မနာခံဘူး၊ စစ်စည်းကမ်း၊ စစ်ဥပဒေသတွေကို မလိုက်နာတော့တဲ့ စစ်တပ်ဟာ သေချာပေါက် ရှုံးနိမ့်ကျရှုံးရမှာ ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီကနေ့ သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာလုစစ်ဓားပြတပ်ကို အထက်မှာ ဖော်ပြခဲ့တဲ့ စစ်ပါရဂူ ဆွန်ဇူးရဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တဲ့ မဟာဗျူဟာကျတဲ့ ညွှန်းကိန်း ၅ ချက်နဲ့ ယှဉ်ထိုးကြည့်လိုက်မယ်ဆိုရင် သေချာပေါက် စစ်ရှုံးရမယ်ဆိုတာ တိတိကျကျ ဆိုနိုင်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာဖောက်လို့ ဦးတည်ရာလမ်းမကောင်းဘဲ စစ်သည်တော်ကျင့်ဝတ် ပျက်ပြားနေတဲ့ စစ်ဓားပြတပ်၊ ပြည်သူရဲ့ စွန့်ပစ်မှု ခံရတာမို့ နိုင်ငံရေးရာသီဥတု၊ သဘာဝ အာကာသ အခြေအနေ အခွင့်အလမ်း မသာတေပြတဲ့ စစ်ဓားပြတပ်၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ‌‌‌‌‌‌‌‌‌‌‌‌‌နယ်ခံ PDF တပ်တွေလို ရေခံမြေခံ ပထဝီအနေအထား မကျွမ်းကျင်တဲ့၊ နားမလည်တဲ့ စစ်ဓားပြတပ်၊ ဉာဏ်ပညာနည်း၊ မကောင်းတဲ့ဂုဏ်သတင်းရှိပြီး စိတ်ဓာတ်ညံ့ဖျင်း၊ လက်ရုံးရည် နှလုံးရည်မဲ့ ခေါင်းဆောင်ကောင်း အရည်အသွေး မရှိတဲ့ မင်းအောင်လှိုင် စီးပိုးအုပ်ချုပ်တာ ခံနေရတဲ့ စစ်ဓားပြတပ်၊ စစ်မတိုက်လိုတော့တာမို့ မိမိတပ်ကို စွန့်ခွာထွက်ပြေးတဲ့ တပ်မှူးတပ်သားတွေ၊ စစ်အမိန့်မနာခံ စစ်စည်းကမ်း၊ စစ်ဥပဒေသ မလိုက်နာတော့တဲ့ စစ်ဓားပြတပ်ဟာ အရှုံးကြီး ရှုံးနိမ့်ဖို့မှတပါး အခြားအဖြေ မရှိတော့ပါဘူး။

ပြည်သူနဲ့ဆန့်ကျင်တိုက်ရတဲ့ မတရားတဲ့စစ်ကို ဆင်နွှဲနေရတာကြောင့်နဲ့ အသက်မဆုံးရှုံးလိုတာမို့ တပ်ကိုစွန့်ခွာထွက်ပြေးတဲ့ စစ်ဗိုလ်စစ်သားတွေကို ဖမ်းမိရင် သတ်ဖြတ်ရုံမက ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို သိမ်းဆည်း၊ ဇနီး သားသမီးတွေကိုပါ ဖမ်းဆီးချုပ်နှောင်ရတဲ့အဆင့်ထိ နိမ့်ကျယုတ်မာလာတဲ့ စစ်ဓားပြတပ်ဟာ ထိုးစစ်မှသည် ခွာစစ် ဆင်လာရာက၊ ခံစစ်ကို ဘယ်လောက်ပြင်ပြင် ပြည်သူမုန်းတဲ့ စစ်မိစ္ဆာတပ်ဟာ နောက်ဆုံးမှာ ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ပြီး လက်နက်ချ အညံ့ခံ ပြေးစစ်ဆင်ရမှာ မလွဲဧကန် ဖြစ်ပါကြောင်း။     ။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024