မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၉၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၄၄၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၀၉၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၅၀၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးကျည်ကြောင့် ၃၅၄ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၁၄ ယောက်နဲ့ သေဆုံးမှုအများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၂၃ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၂၁၇ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လတတိယပတ်အထိ ၁၁၄ ယောက် သေဆုံးခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၁ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စံသာကျေးရွာကို ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတယောက်ရဲ့ ဦးခေါင်းကို ထိမှန်ကာ နေရာတင် သေဆုံးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။