Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ဟိုစိမ့်မြန်မာ အထည်ချုပ်အလုပ်သမားများ ပြန်လွှတ်ပေးရန် အီးယူ တောင်းဆို
DVB
·
June 23, 2023

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား ခေါင်းဆောင် ၆ ယောက်အထိ ဖမ်းခံထားရပြီး စစ်ကြောရေးမှာ စစ်ဆေးခံနေရကာ လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးဘူးလို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားအရေးကို ကူညီပေးနေတဲ့ အဖွဲ့ဝင်နှစ်ယောက်လည်း ဖမ်းဆီးခံထားရပြီး လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး (အီးယူ) က တောင်းဆိုထားပါတယ်။

ဟိုစိမ့် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူ ကိုသူရိန်အောင်က “အီးယူဘက်ကတော့ ဒီကိစ္စကို အစအဆုံးသိတယ်။ ကျနော်တို့ကလည်း ရှင်းပြထားတယ်။ ဘရန်းဒ်တွေနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေဖြစ်တော့ သူတို့ကလည်း သူတို့လုပ်လို့ရတဲ့ သံတမန်နည်းလမ်းတွေနဲ့ လုပ်ပေးနေတယ်လို့ သိရတယ်။ လတ်တလောမှာ သူတို့ (စစ်ကောင်စီ) ဘက်က အနောက်တိုင်းနဲ့ အဆင်မပြေဘူးဆိုတော့ ဒီပေါ်မှာ အလေးထားချင်မှ ထားမှာပေါ့လေ။ အရင်တုန်းကလည်း ကျန်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြနေတာပေါ့။ ဒီလိုမျိုး စစ်တပ်အာဏာသိမ်းထားတဲ့ လက်အောက်မှာ အလုပ်သမားအဖွဲ့တွေက မရှင်သန်နိုင်ဘူးလို့ ထောက်ပြထားတာတွေ ရှိတယ်။ အဲ့အပေါ်မှာ ဒီဖြစ်စဉ်မတိုင်ခင်ထိ အလုပ်သမားအဖွဲ့အစည်းတွေကို SAC ဘက်က ခွင့်ပြုပါတယ်လို့ပဲ နှုတ်အားဖြင့် ပြောထားတာ ရှိခဲ့တာပေါ့။ တကူးတကကြီးနဲ့ တားဆီးပိတ်ပင်တာမျိုး မရှိခဲ့ဘူး။ အခု ဒီဖြစ်စဉ်မှာတော့ အလုပ်သမားအဖွဲ့အစည်းတွေ ရှင်သန်ခွင့်ပေးချင်တာ မရှိဘူးဆိုတာ သက်သေအထောက်အထားနဲ့ ပြခွင့်ရပြီဖြစ်တဲ့အတွက် ရှေ့လျှောက်မှာတော့ ဒီလိုပဲ ဖြစ်ဖို့ပဲ များသွားပြီလို့ ယူဆရတာပေါ့” လို့ ပြောပါတယ်။

ဟိုစိမ့် မြန်မာ အထည်ချုပ်စက်ရုံမှာ တနေ့ လုပ်အားခငွေ ကျပ် ၄,၈၀၀ အစား ကျပ် ၅,၆၀၀ အထိ တိုးပေးဖို့ အလုပ်သမားတွေ တောင်းဆိုခဲ့ကြပြီး ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား ခေါင်းဆောင် ၇ ယောက်ကို စက်ရုံအတွင်း ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုနဲ့ ဇွန်လ ၁၀ ရက်က အလုပ်ထုတ်ခံခဲ့ရတာပါ။

အလုပ်သမားခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပစ်တာကြောင့် အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြခဲ့ကြရာ စက်ရုံတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇွန်လ ၁၄ ရက်မှာ စက်ရုံကိုရောက်ရှိပြီး အလုပ်သမားတွေကို ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးသူတွေ ဆက်တိုက် ဖမ်းဆီးခံရပြီး ဖမ်းဆီးထားတဲ့ အလုပ်သမားတွေကို စစ်ကောင်စီက စစ်ခုံရုံးမှာ တရားစွဲဆိုသွားမယ့် အခြေအနေ ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူက ပြောပါတယ်။

“ဒါက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကိစ္စ၊ ဒီဟာကို ဆက်ပြီး ကူညီရမှာပဲ။ အခုလည်း ဘရန်းဒ်နဲ့ ကျနော်တို့ ပြောဆိုနေတာတွေရှိတယ်။ ဘရန်းဒ်ကလည်း ဘာစဉ်းစားသွားလဲ ဆိုတော့ သူတို့ မြန်မာပြည်မှာ ဆက်လုပ်လို့ ရဦးမယ်လို့ ယူဆတဲ့အတွက် ဆက်ပြီး အော်ဒါတွေ ပေးခဲ့တယ်။ ဒါပေမဲ့ အခု ဒီလိုမဟုတ်တော့ဘူး။ ဒီစက်ရုံတရုံရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်ကနေ ထွက်တော့မယ်။ အဲ့လိုအခြေအနေထိ ဖြစ်နေပြီ။ ဒီ ဘရန်းဒ်က မြန်မာပြည်က ထွက်သွားခဲ့သည့်တိုင်အောင် ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဘရန်းဒ်နဲ့ တိုက်ရိုက် စကားပြောခွင့် လုပ်နေတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်နှစ်ယောက် ဖမ်းဆီးခံရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ လုပ်ခလစာ အပြည့်မရတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ အဆိုးဆုံးကြုံနေရပြီး အလုပ်သမားသမဂ္ဂတွေ ထဲထဲဝင်ဝင် ကူညီခွင့် မရတော့ပါဘူး။ ဒါ့အပြင် စစ်ကောင်စီက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024