Home
မြန်မာသတင်း
ရွှေတြိဂံဒေသရှိ လူလိမ်ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိ
DVB
·
June 23, 2023

ရွှေတြိဂံဒေသမှာ အခြေစိုက်တဲ့ Kings Romans ကာစီနိုမှ “တော်ဝင်ရွှေ” ရင်းနှီးမြှုပ်နှံမှုအကြောင်းပြချက်နဲ့ လိမ်လည်နေတဲ့ ဂိုဏ်းအဖွဲ့ကို ဖမ်းမိပြီလို့ ထိုင်းရဲဌာနချုပ်က ဇွန် ၂၂ ရက်မှာ မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

အဲ့အဖွဲ့ရဲ့ ဂိုဏ်းခေါင်းဆောင် တန့် ကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့ပြီး အဖွဲ့ဝင် ထိုင်းနိုင်ငံသား ၉ ဦးနဲ့ နိုင်ငံမဲ့ အမျိုးသမီး ၁ ဦးကို ချင်းရိုင်နှင့် ချန်သဘူရီတို့မှာ ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးမိသူတွေကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း သတင်းမှားထည့်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

တရားခံတွေဆီက ဇိမ်ခံကား ၃ စီး၊ ငွေသားဘတ် ၅ သိန်းကျော်၊ ရွှေထည်ပစ္စည်းအမျိုး ၃၀၊ ဇိမ်ခံနာရီတွေ၊ နာမည်ကြီးအိတ်တွေအပါအဝင် ပစ္စည်းအများအပြားကို သိမ်းဆည်းခဲ့ပါတယ်။

တော်ဝင်ရွှေရင်းနှီးမြှပ်နှံမှုအကြောင်းပြချက်နဲ့ ဇန်နဝါရီလမှ မေလအတွင်း ဘတ်သန်း ၅၀၀ ခန့် လိမ်လည်ခံခဲ့ရတယ်လို့ နစ်နာသူတွေရဲ့ တိုင်ကြားချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဂိုဏ်းခေါင်းဆောင်ဟာ လည်ပတ်ရေးစင်တာကို ထိန်းချုပ်ထားပြီး သားကောင်တွေဆီကနေ ငွေလွှဲလက်ခံဖို့နဲ့ ဘဏ်စာရင်းဖွင့်ဖို့ လူတွေကို ငှားရမ်းပြီး ဘဏ်စာရင်းတွေ စီစဉ်ပေးတာတွေနဲ့ ဂိုဏ်းက လည်ပတ်ခဲ့တာဖြစ်ပါတယ်။

တော်ဝင်ရွှေ ဝက်ဆိုဒ်မှတဆင့် ရင်းနှီးမြှုပ်နှံမှုများကို အမြတ် ၁၀ ရာခိုင်နှုန်းနဲ့ မက်လုံး​ပေးခဲ့ပြီး ငွေလွှဲပြီးတဲ့အခါ ဆက်သွယ်မရတော့တာကြောင့် ရင်းနှီးသူတွေ ဆုံးရှုံးခဲ့တာပါ။

“ ထိုင်းနိုင်ငံအတွင်းက လူတွေကို ဘဏ်အကောင့်ဖွင့်ဖို့ ငှားရမ်းခဲ့ပြီး အကောင့်တခုကို ဘတ် ၃၀၀၀ မှ ၄၀၀၀ အထိပေးခဲ့တာပါ” လို့ ရဲမှုးချုပ် အာဟစ်ပေါင်စီဝပိုင် က ပြောပါတယ်။

အဲ့ဒီဂိုဏ်းဟာ ထိုင်းနိုင်ငံသားတွေကို သားကောင်အဖြစ်ဆွဲဆောင်ဖို့အတွက် ရုပ်ရည်ချောမောတဲ့ လူငယ်တွေရဲ့ ပရိုဖိုင်ပုံတွေကို အသုံးပြုပြီး တွစ်တာ၊ အင်စတာဂရမ် နဲ့ ဖေ့စ်ဘွတ်ခ်တို့မှတဆင့် လိမ်လည်နေတာဖြစ်ပါတယ်။

Source-Bangkok Post

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024