Home
ဆောင်းပါး
အတိတ်မေ့နေတဲ့ အာဆီယံ
DVB
·
June 23, 2023

ခေါင်းမဖော်ဝံ့လောက်အောင် ရွေးကောက်ပွဲ အရှုံးကြီးရှုံးခဲ့တဲ့ ထိုင်းအစိုးရဟာ အခု အိမ်စောင့်အစိုးရဘဝနဲ့ မနက်ဖြန် သန်ဘက်ခါ ထွက်တော်မူနန်းက ခေါင်းငိုက်စိုက်ချ လှမ်းရတော့မယ့် အခြေအနေမှာတောင် အာဏာရှင်ချင်း ဖေးမခြင်းအစီအစဉ်ကို ဖြစ်အောင် စီစဉ်ခဲ့တယ်။

ဇွန်လ ၁၈ နဲ့ ၁၉ ရက်၊ ထိုင်းနိုင်ငံ၊ ပတ္တရားမှာ မြန်မာအကြမ်းဖက်စစ်အုပ်စုအတွက် ထိုင်းအစိုးရ ကမကထ ကုသိုလ်ပြု အလွတ်သဘောဆွေးနွေးပွဲ။ သတင်းတွေအရ ဇွန် ၁၈ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဇွန် ၁၄ ရက်နေ့ကျမှ ဖိတ်စာပေးပို့ခဲ့တာဆိုတော့ တကယ့်ကို ရေးကြီးသုတ်ပြာ ကောက်ကာငင်ကာ စီစဉ်လိုက်တဲ့ပွဲမို့ ထိုင်းအိမ်စောင့်အစိုးရနဲ့ မြန်မာအကြမ်းဖက်စစ်အုပ်စုကြား ဘယ်လိုအကျိုးစီးပွား အပေးအယူတွေနဲ့ ဖုတ်ပူမီးတိုက် လက်ဝါးချင်းရိုက်လိုက်ကြတာလဲလို့ မေးခွန်းထုတ်ချင်စရာ။ ပြီးတော့ ရွေးကောက်ပွဲရလဒ်အရ မကြာမီ အာဏာလက်လွှတ်ရတော့မယ့် အစိုးရတရပ်က ကိုယ့်နေရာနဲ့ အချိန်ကာလကို စုံမှိတ်ပြီး မြန်မာ အကြမ်းဖက်စစ်အုပ်စုအပေါ် ဘာ့ကြောင့် မျက်နှာမလွှဲနိုင် ဖြစ်နေရတာလဲ ဆိုတာကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရေရေရာရာ ဖြေကြားနိုင်ခြင်း မရှိပါဘူး။

အစည်းအဝေးဖိတ်ကြားခြင်းကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သကာရည်လောင်းထားတဲ့ သံတမန်ဝေါဟာရနဲ့ တန်ဆာမဆင်၊ မလာနိုင်ဘူးလို့ ခပ်ပြတ်ပြတ် ပြောချလိုက်တယ်။ အဲဒီဆွေးနွေးပွဲကို အာဆီယံရဲ့ အရေးပါတဲ့နိုင်ငံတွေ မတက်ကြပေမဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြရုံတင်မက မြန်မာပြည်သူတွေရဲ့မျက်နှာကို ကြည့်ရကောင်းမှန်းမသိတဲ့ တရုတ်နဲ့ အိန္ဒိယတို့ တက်ရောက်ခဲ့ကြကာ သွေးညှီနံ့နံနေတဲ့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ လက်ဆွဲနှုတ်ဆက် ဝိုင်းဖွဲ့ခဲ့ကြပါတယ်။ ဆွေးနွေးပွဲရလဒ် ဘာလဲဆိုတာ ထုတ်ဖော်ပြောကြားကြခြင်း မရှိတာဟာ ထုတ်ပြောစရာ ဘာရလဒ်မှ မရှိခြင်းကြောင့်လို့ မှန်းဆနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာရလဒ်မှ မထွက်တောင် မြန်မာစစ်အုပ်စုကို လူရာသွင်းချင်တဲ့ဆန္ဒ တစိတ်တပိုင်း အထမြောက်တယ်လို့ ဆိုနိုင်ပါတယ်။

အရင် ၂၀၂၂ ခုနှစ်တုန်းကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်အုပ်စုကို လူရာပြန်သွင်းဖို့ အရူးကွက်နင်းပြီး ကြံခဲ့သေးတယ်။ ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဖြစ်ခါစ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဖနွမ်းပင်မှာ ပထမဆုံးအကြိမ် ကျင်းပဖို့လုပ်တော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်မယ်တကဲကဲ။ အဲဒီတုန်းက အာဆီယံရဲ့ အဓိကနိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အကြောင်းပြချက်ကိုယ်စီနဲ့ အစည်းအဝေး လာမတက်တဲ့နည်းနဲ့ ကန့်ကွက်ခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတောင် ရက်ရွှေ့ခဲ့ရသလို ဟွန်ဆန်ရဲ့ လူရာသွင်းရေး အစီအစဉ်လည်း ပျက်ခဲ့ဖူးတယ်။

ထိုင်းအိမ်စောင့်အစိုးရက အခုဆွေးနွေးပွဲဟာ အာဆီယံမူဘောင်အတွင်း ကျင်းပခြင်း မဟုတ်ဘူးလို့ အကြောင်းပြကာ အောက်လမ်းနည်းနဲ့ လူရာသွင်းခြင်းပါပဲ။ ဆွေးနွေးပွဲ လာမတက်တဲ့ အာဆီယံနိုင်ငံတွေကတော့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို စစ်အုပ်စုက နေ့စဉ် ဆွဲဖြဲပြနေတာမို့ အာဆီယံဆုံးဖြတ်ချက်အတိုင်း နေရာပေးဆက်ဆံစရာ မလိုဘူးလို့ သဘောထားကြပုံ။ ဒါ့ကြောင့် အခု ထိုင်းမှာလုပ်တဲ့ ဆွေးနွေးပွဲဟာ အာဆီယံ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခြင်းလို့ ယူဆကြပုံလည်း ရတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ ထိုင်းအိမ်စောင့်အစိုးရဆိုတာ မကြာခင် သက်တမ်းကုန်တော့မှာဖြစ်သလို သက်တမ်းမကုန်တဲ့ အစိုးရတရပ် ဖြစ်ဦးတော့ အာဆီယံဖွဲ့စည်းပုံအရ အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်း ဘာမှမတတ်နိုင်၊ ဘယ်သူကမှလည်း ဘာမှမတတ်နိုင်ပါဘူး။

ထိုင်းဆွေးနွေးပွဲကနေ သိပြီးသားကိစ္စ ပိုသိသာထင်ရှားစေတာကတော့ အာဆီယံအဖွဲ့တွင်း မြန်မာ့အရေး နက်နက်ရှိုင်းရှိုင်း အမြင်မတူကြခြင်းပါပဲ။ အာဆီယံရဲ့ အဓိကနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က အာဆီယံမူ ၅ ရပ်ကို စစ်အုပ်စု လက်ခံလာရေးအတွက် ဖိအားပေးတဲ့နည်းကို သုံးချင်ကြပေမဲ့ ကမ္ဘောဒီးယားလို ထိုင်းလို လာအိုတို့လို နိုင်ငံတွေက ဖိအားမပေးရုံတင်မက စစ်ခေါင်းဆောင်တွေကို အာဆီယံစားပွဲဝိုင်းထဲ ပြန်ဆွဲသွင်းပြီး ချော့မော့ဖျောင်းဖျချင်ယောင်ဆောင်ကာ စစ်အုပ်စုကို တရားဝင်မှု ပေးချင်နေတာ သိပ်သေချာလှပါတယ်။

အဲဒီလို နက်ရှိုင်းတဲ့ အမြင်မတူမှုကြောင့်ပဲ ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးအစည်းအဝေးက အတည်ပြုခဲ့တဲ့ မူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ရေးဆိုတာ ပျောက်ချင်းမလှ ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်။ ပြောရရင် အာဆီယံမူ ၅ ရပ်ဟာ ရှေ့တလှမ်း ဆက်မတိုးနိုင်သလို အာဆီယံ အဓိကနိုင်ငံတွေရဲ့ ရပ်ခံမှုအရ နောက်တလှမ်းလည်း ဆုတ်မသွားပါဘူး။ နောက်တလှမ်းဆုတ်တယ်ဆိုတာက လက်ရှိ ထိုင်းအိမ်စောင့်အစိုးရ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ သူတို့ရဲနောက်က တရုတ်နိုင်ငံတို့ရဲ့ စစ်အုပ်စုကို ပြန်လူရာသွင်း ဆက်ဆံခြင်းနဲ့ ဒေသတွင်း တရားဝင်မှု ပြန်ရစေလိုခြင်းအပေါ် ပယ်ချထားနိုင်ခြင်း ဖြစ်ပါတယ်။

ရှေ့မတိုးနိုင်ဘူးဆိုတာက စစ်အုပ်စုအပေါ် နောက်တလှမ်းတိုး ဖိအားပေးရေးလမ်းကြောင်း ပျောက်ဆုံးနေခြင်းပါပဲ။ ဘာ့ကြောင့် ပျောက်ဆုံးနေတာလဲဆိုတော့ စစ်အုပ်စုအလိုပါ ပုလင်းတူဘူးဆို့ နိုင်ငံတွေက သဘောမတူတာကြောင့်လို့ နားလည်ရပါတယ်။ အခုလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေ တိုးတက်မှုမရှိ ဖြစ်နေတာကြောင့် ဖိအားပေးတဲ့နည်းကို သုံးဖို့ တိုက်တွန်းလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ကွဲပြားနေတဲ့ အာဆီယံအခြေအနေအရ တွမ်အင်ဒရူးရဲ့ တိုက်တွန်းချက်ဟာ လက်တွေ့ ဖြစ်ထွန်းဖို့ရာ ရာခိုင်နှုန်းနည်းလှပါတယ်။

ဖိအားပေးတဲ့လမ်းပေါ် ဆွဲမတင်နိုင်ခြင်းကြောင့်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မဖြစ်နိုင်တဲ့လမ်းကို မဖြစ်နိုင်မှန်းသိလျက်နဲ့ ဖြစ်နိုင်ချင်ယောင်ဆောင်ကာ စိတ်ကူးယဉ်ပြနေခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ မြန်မာစစ်တပ် စတဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ စတဲ့ သက်ဆိုင်သူတွေနဲ့ ၆ လအတွင်း အကြိမ် ၇၀ ကျော် ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဆက်သွယ်ဆွေးနွေးမှုတွေကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိခဲ့တယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အင်ဒိုနီးရှားဟာ မြန်မာ့အရေးကို အသံတိတ် သံခင်းတမန်ခင်းအဖြစ် ခြေသံလုံလုံနဲ့ အားထုတ်နေတယ်လို့ အကြောင်းပြကာ အကြိမ် ၇၀ ကျော် ဆွေးနွေးမှုရလဒ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ပြောရမယ်ဆိုရင် အင်ဒိုနီးရှားရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်း ၆ လပြည့်တော့မယ့်အချိန်မှာ မြန်မာ့အရေး သုညအဆင့်ကနေ တစ်ဖြစ်ဖို့ ခြေလှမ်းတောင် မပြင်နိုင်သေးတာဟာ အားလုံးရဲ့မျက်မြင် ဖြစ်သလို အဲဒီမျက်မြင်တွေ့ရှိချက်ဟာ အာဆီယံမူ ၅ ရပ် ဘာလဲဆိုတာကို ဖော်ပြနေပါတယ်။

ဒါပေမဲ့ ဖိအားပေးမှုမပါတဲ့ အာဆီယံမူ ၅ ရပ်ဟာ ရှေ့ဆက်စရာလမ်း မရှိတော့ကြောင်း ဝန်မခံလိုတာကြောင့် လက်နှီးစုတ်ဖြစ်နေတဲ့ အာဆီယံမူ ၅ ရပ်ကို တယုတယ ထွေးပိုက်ထားနေခြင်းဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာ့အရေး ထိထိရောက်ရောက် မကိုင်တွယ်လိုတဲ့ သူတို့ရဲ့ဖြစ်အင်ကို ဖုံးကွယ်လိုတာကြောင့် အလုပ်မဖြစ်မှန်းသိတဲ့ အာဆီယံမူ ၅ ရပ်ကိုသာ ဇွတ်အတင်း ထောက်ခံနေခြင်း ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ နေ့စဉ်အသတ်ခံနေရတာ၊ နေ့စဉ် ပြည်သူ့အိုးအိမ်တွေ မီးရှို့ခံနေရတာကို အရှင်လတ်လတ် မြင်နေရပါလျက် သေနေတဲ့ အာဆီယံမူ ၅ ရပ်ကို ကိုင်ထားပြီး ငုတ်တုတ်ထိုင်ကြည့်ရဲနေတာ ဒီနေ့ အာဆီယံနဲ့ နိုင်ငံတကာရဲ့ မူမမှန်မှုပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024