တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းမှာ ဇွန် ၂၁ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၁ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၂၀၀ ခန့်ရှိပြီး ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထံက သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲက ဇွန်လ ၂၀ ရက်နေ့ကတည်းက ဖြစ်တာပါ။ ဇွန်လ ၂၁ ရက်နေ့မှာ ထပ်ဖြစ်တယ်။ စခတွေက လက်နက်ကြီးပစ်ကူ ရာနဲ့ချီပြီး ပစ်တယ်။ ဇွန်လ ၂၁ ရက်နေ့မှာ ကျနော်တို့ဘက်က ၃ ဦး ထိခိုက်တယ်။ သာမန် ပြတ်ရှဒဏ်ရာလောက်ပဲဆိုတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပဝတ်ကုန်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပုလောမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တော်လှန်ရေးမဟာမိတ်တို့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ အနေနဲ့ မြိတ်-ပုလောလမ်းမကြီးကို မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။