မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်ရှိ သာသနာပြု ဓမ္မစကြာဘုန်းကြီးကျောင်းက ဦးဇင်းကို လူငယ်လေးယောက်က ဇွန် ၂၀ ရက် ညပိုင်းမှာ ရဲတင်းနဲ့ခုတ်သတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။
အဆိုပါ လူငယ်လေးဦးမှာ သိန်းဇော်၊ ရဲလင်းထွန်း(ခ)ငမျောက်၊ ဘိုဘိုနဲ့ အနှေးဆိုသူတို့ဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းတွင်း အရက်သေစာ သောက်စားနေစဥ် ဉူးဇင်း ဥူးကောသလ္လ(ခ) ဦးဖောင်စိန်နဲ့ စကားများ ရန်ဖြစ်ရာကနေ ဥူးကောသလ္လကို ရဲတင်းနဲ့ခုတ်သတ်ပြီး ကျောင်းတိုက် အနောက်ဘက်ရှိ အိမ်သာကျင်းတွင်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
အသတ်ခံရတဲ့အလောင်းကို ကျောင်းထိုင်ဆရာတော်က တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ လူငယ်လေးဦးအနက် ရဲလင်းထွန်း (ခ) ငမျောက်၊ ဘိုဘိုနဲ့ အနှေးတို့ကို ဖမ်းမိခဲ့ပြီး သိန်းဇော်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။