Home
မြန်မာသတင်း
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ၁ ဦး လွတ်ရက်စေ့သဖြင့် ထားဝယ်ထောင်မှ ပြန်လွတ်
DVB
·
June 22, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ DDMSC ရဲ့ ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ မညိုမာဦးဟာ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ကနေ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးက “မညိုမာက ထောင်ဒဏ်ချခဲ့ရတာက ၃ နှစ်နဲ့ ၆ လ။ အခုလွတ်တဲ့အချိန်ထိ ထောင်ထဲမှာ ၂ နှစ်နဲ့ ၁ လ နေလိုက်ရတယ်။ ၅၀၅(က) အမှုအတွက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းက လျှော့ပေါ့ပေးထားတော့ လွတ်ရက်စေ့ပြီး ပြန်လွတ်လာတယ်လို့ ဆိုလို့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မညိုမာဦးဟာ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က ထားဝယ်မြို့က နေအိမ်တလုံးမှာ တခြားသူ ၃ ဦးနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) နဲ့ ၁၉ (စ) ပုဒ်မတွေနဲ့ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

မညိုမာနဲ့ အတူ အဖမ်းခံခဲ့ရသူ သုံးဦးစလုံးလည်း အခုနှစ်ဆန်းပိုင်းကတည်းက ပြန်လည်လွတ်မြောက်သွားပြီလို့ သိရပါတယ်။

အကြမ်းမဖက်လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ဆန့်ကျင်တော်လှန်နေတဲ့ ထားဝယ်သပိတ်ကော်မတီဝင် ၅ ဦးဟာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီး ထောင်ချခြင်းကိုခံခဲ့ရပြီးနောက် ၃ဦးပြန်လွတ်မြောက်လာပြီဖြစ်လို့ ကော်မတီဝင် ၂ ဦး ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်ကလည်း ထားဝယ်သပိတ်ကော်မတီဝင်တဦးဖြစ်သူ ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီကဖမ်းဆီးထားပြီး  ဒီနေ့အထိမိသားစုနဲ့တွေ့ခွင့်မရသေးကြောင်း ကော်မတီထံက သိရပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ အခုနှစ် ဇန်နဝါရီ အထိ စာရင်းအရ အမိန့်ချပြီးနဲ့ တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဉ်သား ၃၀၀ ကျော်ရှိနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ မှတ်တမ်းအရသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024