ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမှာ ဇွန် ၂၂ ရက် မနက်ပိုင်းက ဓာတုပစ္စည်းစွန့်ပစ်ချိန် မီးလောင်ခဲ့ပြီး ကား ၃ စီးပျက်စီးကာ လူ ၂ ဦး မီးခိုးမွှန် အသက်ရှူကြပ် ထိခိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ် မှတ်တမ်းအရ သိရပါတယ်။
မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က မီးလောင်မှုသတင်း ရရှိခဲ့တာကြောင့် လှိုင်သာယာ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်အသင်းတွေက Level 1 အဆင့် ငြှိမ်းသတ်ခဲ့တာပါ။
သွေးဒါနမျိုးဆက်ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “တွေ့သလောက် အခြေအနေကတော့ chemical ဓာတုပစ္စည်းတွေကို မြေမြှုပ်ဖို့ လုပ်ရင်းနဲ့ အတင်အချမှာ ပေါက်ကွဲတာ၊ ကျင်းကြီးကတော့ အဲ့နားမှာ တူးထားတယ်၊ ဆီပေပါတွေပါတဲ့ ကုန်ကား ၁ စီး၊ ဘက်ဟိုး ၂ စီးတော့ မီးလောင်သွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီမနက်ပိုင်းမှာ ဓာတုပစ္စည်းအိတ်တွေနဲ့ တိုင်ကီတွေတင်လာတဲ့ ကုန်တင်ကား ၁ စီးနဲ့ ကရိန်းကား ၂ စီးက ထိန်ပင်အမှိုက်ပုံမှာ မြေကျင်းတူးပြီး စက်ရုံသုံး ဓာတုပစ္စည်းတွေ စွန့်ပစ်နေချိန် မီးလောင်မှု စတင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ကရိန်းကား ၂ စီးနဲ့ ကုန်တင် ၁၆ ဘီးကား ၁ စီး မီးလောင်ပျက်စီးသွားပြီး မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ဓာတုမီးခိုးမွှန် အသက်ရှူကြပ်ဒဏ်ရာ ရရှိသွားပါတယ်။
မီးတောက်အားကောင်းလာတဲ့အတွက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်မှာ Level 2 ဆင့်ခေါ်ခဲ့ရပြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ မီးသတ်ဌာနတွေ လာရောက်ငြှိမ်းသတ်ခဲ့ရာမွာ နေ့လယ် ၁၁ နာရီ မိနစ် ၄၀ မှာ မီးထိန်း၊ နေ့လယ် ၁၂ နာရီမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ထိန်ပင်အမှိုက်ပုံဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီ ၂၁ ရက်ကလည်း တပတ်ကြာအောင် မီးလောင်မှုအတွင်း လှိုင်သာယာ ၂၀ ရပ်ကွက်က မီးခိုးမွှန်လူနာ ၁၆ ဦးအနက် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။