မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမကြီးပေါ်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက ကုန်တင်ယာဉ်ကို လိုင်းကားက တိုက်မိပြီး လူ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘစိုးကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မနက် ၁၀ နာရီလောက်က ရပ်ထားတဲ့ ကုန်တင် ၆ ဘီးကားကို မြို့တွင်းပြေးဆွဲတဲ့ လိုက်ထရပ်အမျိုးအစား လိုင်းကားက အနောက်ကနေ ဝင်တိုက်မိပြီး မြောက်တက်ကာ လမ်းဘေးအုတ်ခုံပေါ် တိမ်းမှောက်ခဲ့တာပါ။
ဘစိုးကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌက “အခင်းဖြစ်ပွားတဲ့နေရာမှာ အမျိုးသမီး ၁ ဦး လဲကျနေတာရယ်၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိထားတာရယ် တွေ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးက ၅၀ ကျော်အရွယ်၊ အမျိုးသားကတော့ ၃၀ အရွယ် ယာဉ်မောင်းပါ၊ မှောက်တဲ့ကားက နံပါတ်အနီနဲ့ လိုင်းကားပါပဲ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားကိုယ်ထည်နဲ့ ကားမှန်တွေ ပျက်စီးသွားပြီး အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးခေါင်းနဲ့ လက် ပြတ်ရှဒဏ်ရာ၊ အသက် ၅၀ ကျော်အရွယ် ခရီးသည်အမျိုးသမီးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ယာဉ်တိုက်မှုနေရာကို ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက ပူးပေါင်းကယ်ဆယ်ခဲ့ပြီး ဘစိုးအသင်းလူနာတင်ယာဉ်နဲ့ ထိခိုက်သေဆုံးသူတွေကို ပေါင်မြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - [ဘစိုးနာကူအသင်း]