မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မော်လမြိုင်မြို့မှာ လက်ရှိဇွန်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေပြီး မွန်ပြည်နယ် ၁၀ မြို့နယ်မှာ အများဆုံးဖြစ်သလို ပေါင်မြို့နယ်က ၈၅ ယောက်၊ ကျိုက်မရောမြို့နယ်က ၅၆ ယောက်အထိ ဖြစ်ပွားခဲ့တာပါ။
သွေးလွန်တုပ်ကွေးရောဂါနဲ့ ပေါင်မြို့နယ်မှာ သေဆုံးသူတယောက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကလေးမိခင်တယောက်က “အခုချိန်က မိုးရာသီကာလရောက်တော့ ခြင်တွေကလည်းများ၊ ဖျားနာတဲ့ ကလေးတွေကလည်း များကြတယ်။ ဆေးပေးခန်းမှာ သွားပြရတာ သွားလာစရိတ် ဆေးဖိုး ကုသခကလည်း မနည်းဘူး။ ငွေမရှိပေမဲ့ အဓိကတော့ ကိုယ့်ကလေး နေကောင်းဖို့က အရေးကြီးတယ်လေ” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀ နီးပါးရှိပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် အပတ်စဉ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးနေပြီး အဘိတ်ဆေးခတ်တာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။
ကျန်းမာရေးပညာရှင်တွေက အခုလို သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာပြပြီဆို နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်ပြီး အချိန်မီကုသဖို့ လိုအပ်တယ်လို့ အကြံပြုထားသလို ဆောင်ရန်ရှောင်ရန် အသိပညာပေးတာတွေကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂,၀၀၀ ကျော်အထိရှိခဲ့ပြီး တဦး သေဆုံးခဲ့ပါတယ်။