ရန်ကုန်၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းမှာ ဇွန် ၂၁ ရက် ဒီနေ့ မနက် ၇ နာရီခွဲက မပေါက်သေးတဲ့ လက်လုပ်ဗုံးနှစ်လုံးတွေ့လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေ ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲက သောင်ကြီးရဲစခန်းရှေ့ ကွန်ကရစ်တိုင်နားမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိရာက ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ရဲစခန်းကလူတွေက ကြောက်ပြီး စစ်တပ်နဲ့ပေါင်းပြီး ရဲစခန်းအထဲရော အပြင်ရော အကုန်ရှာတာ။ ညကလည်း ကနောင်မြို့နယ်ခန်းမနားမှာ ဗုံးပေါက်သေးတယ်။”
မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးကို စစ်ကောင်စီတပ်တွေက ကားလမ်းမပေါ်မှာပဲ အကာအရံတားပြီး ဖောက်ခွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီခွဲကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရွှေလင်ဗန်းကျေးရွာ ဘုရင့်နောင်လမ်းမကြီးပေါ်က မြို့နယ်ခန်းမအနီးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
ဇွန် ၁၉ ရက်က အမှတ် ၅၃၂ ခြေမြန်တပ်ရင်းမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် တပ်ရင်းတပ်ဖွဲ့တွေနဲ့ မြို့နယ် ဌာနဆိုင်ရာရုံးတွေ သတိရှိစေဖို့ တိုင်းစစ်ဌာနချုပ်က သတိပေးထားတယ်လို့ သိရပါတယ်။