Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် ပန်းပန်သည့် ဓာတ်ပုံတင်မှုဖြင့် ပြည်ခရိုင်တွင် ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရ
DVB
·
June 21, 2023

ပဲခူးတိုင်း၊ ပြည်ခရိုင်ထဲမှာ ဖေ့စ်ဘွတ်ခ်တွင် ပန်းပန်သည့် ဓာတ်ပုံတင်ပြီး ပန်းသပိတ်ပြုလုပ်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး အဖမ်းခံရသူအများစုဟာ တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြခံရသူတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နေ့အနေနဲ့ ပန်းသပိတ် ကမ်ပိန်းတခုကို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီသပိတ်မှာ မိမိသဘောဆန္ဒအရ ပါဝင်ကြပြီး ဖေ့စ်ဘွတ်ခ်မှာ ပန်းပန်တဲ့ဓာတ်ပုံ တင်ကြတဲ့သူတွေကို စစ်ကောင်စီ တယ်လီဂရမ်ချယ်နယ်တွေက လိုက်လံစုံစမ်းပြီး ဖမ်းဆီးဖို့ သတင်းပေးတာကြောင့် ပြည်ခရိုင်ထဲက ဒေသခံ ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နတ္တလင်းမြို့နေသူတယောက်က “အဲ့ဒီ တယ်လီဂရမ်တွေက ၂၀၂၁ ကတင်ထားတဲ့ဟာတွေကို ပြန်ရှာပြီး Scrreen Shot ရိုက်ပြီးတင်တာ၊ တာပွန်က မဝင်းလေးဆို ဘာနိုင်ငံရေးမှ စိတ်ဝင်စားတာ မဟုတ်ဘူး။ သူများဖေ့စ်ဘွတ်ခ်မှာ တွေ့တာကို ရှယ်လိုက်တာ။ အဲ့ဒါကလည်း အုပ်ချုပ်ရေးမှူးက အံ့ဘုန်းသွင် တယ်လီဂရမ်ကို လှမ်းတိုင်လိုက်လို့ စစ်တပ်ကလာဖမ်းတာ။ ပြည်ထောင်က ပြန်လွတ်လာတဲ့ ကိုသန့်ဇင်ထက်လည်း ပြန်ဖမ်းသွားပြီ။ နောက် နတ္တလင်းမြို့ကပဲ မဆောင်းယုနှင်းတို့ပါ အဖမ်းခံထားရတယ်” လို့ ပြောပါတယ်။

ပြည်ဒေသခံတယောက်ကလည်း “ပြည်မှာလည်း ကာတွန်းရွှေဗိုလ် (ခ) အောင်ဘိုဘို၊ ကိုကျော်ဇင်ဖြိုး၊ မဖူးပွင့်၊ ကိုကောင်းပြည့်စုံဟိန်း၊ မဟေမာတို့ အဖမ်းခံလိုက်ရတယ်။ တချို့တွေကတော့ သတင်းကြိုရလို့ ရှောင်လို့ လွတ်သွားတယ်။ လွတ်တဲ့လူတော့ ၅ ယောက်လောက်ရှိတယ်။ အပြေးဦးလို့ပေါ့။ အဲ့ဒီအထဲက တချို့ကိုတော့ အိမ်လာမဖမ်းသေးဘဲ ရပ်ကွက်ရုံးကနေ လှမ်းခေါ်တာ၊ အဲ့ဒီကျမှ ပြန်မလွှတ်တော့တာ” လို့ ပြောပါတယ်။

အလားတူ ပန်းတောင်းမြို့နဲ့ အုတ်သျှစ်ပင်မြို့တွေက မအိ၊ ဒေါက်တာမောင်မောင်နဲ့ ရွှေတောင်မြို့က တယောက်၊ အင်းမက တယောက်နဲ့ ပြည်ခရိုင်ထဲကနေ လူ ၂၀ လောက် ပန်းသပိတ် ဖေ့စ်ဘွတ်ခ်တင်တာကြောင့် အဖမ်းခံထားရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024