Home
မြန်မာသတင်း
နောင်မွန်းမြို့နယ်၌ မိုးသည်းထန် မြေပြိုပြီး လမ်းပိတ်ဆို့နေ   
DVB
·
June 21, 2023

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့  နောင်မွန်းမြို့  ဆက်သွယ်ထားတဲ့ လမ်းနေရာတချို့ မြေပြိုပျက်စီးမှုဖြစ်ပွားနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

နောင်မွန်းမြို့နယ် ကွမ်လင်းကျေးရွာအနီးမှာ တောင်ကမ်းပါးတွေ ရေတိုက်စားပြိုကျခဲ့တဲ့အတွက် တံတားချဉ်းကပ်လမ်း တစ်ခုပြိုကျကာ တောင်ပြိုမှုတွေ ဖြစ်ပွားပြီး လမ်းပိတ်ဆို့နေတဲ့အတွက် မော်တော်ယာဉ်တွေ အသွားအလာ ရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်မွန်းဒေသခံ အမျိုးသားတစ်ဦးက “ဒီရက်ပိုင်း မိုးက အဆက်မပြတ်ရွာတယ်။ မိုးရွာပြီး တံတားချဉ်းကပ်လမ်းဘေးက မြေတွေ တိုက်စားသွားလို့ ချဉ်းကပ်လမ်း ပျက်သွားတယ်။ တောင်ပြိုတာကတော့ လမ်းတောက်လျှောက်ပဲ။ ရှင်လင်းရေး လုပ်နေကြတယ်။ ကားတွေကတော့ ထွက်မရသေးဘူး။ လမ်းပိတ်တာ ရက်ကြာလာရင်  စားသောက်ကုန်တွေ ဈေးတက်မှာ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ပူတာအို-နောင်မွန်း-ခေါင်လန်ဖူးမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမှာ မိုးများစွာရွာသွန်းပြီး တောင်ပြိုကျကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်လို့  အရင်နှစ်တွေတုန်းလည်း  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ဖူးပါတယ်။

ဒေသခံတဦးက “အရင်နှစ်တွေကလည်း တောင်ပြိုပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်တယ်။ လမ်းပိတ်တာ ကြာလာရင် ကားအဝင်အထွက် မရှိတော့ဘူး။ အခုလည်း ကားတွေ မဝင်သေးဘူး။ လမ်းပိတ်တာ  ရက်ကြာလာတာနဲ့အမျှ အခြေခံစားသောက်ကုန်တွေဈေးနူန်းက တဖြည်းဖြည်း မြင့်လာတယ်” လို့  ပြောပါတယ်။

နောင်မွန်းမြို့နယ်မှာ ရက်သတ္တပတ် ၂ ပတ်အကြာ မိုးအဆက်မပြတ်ရွာသွန်းကာ  ဇွန် ၁၉ ရက် နေ့လယ်က တောင်ကမ်းပါးပြိုကျတာ၊ တံတားချဉ်းကပ်လမ်း မြေတိုက်စားတာကြောင့် လမ်းပိတ်ဆို့သွားလို့ စက်ယန္တရားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဒေသခံပြည်သူတွေက သွားရောက်ရှင်းလင်းနေကာ ရှင်းလင်းရေးလုပ်ငန်းတွေ ၂ ရက်ခန့် ကြာမြင့်မှာ ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo - Putao Regional info

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024