စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၂-၃-၄ Chindwin Attack Force ရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ခဲ့ပြီး ဆုံးရှုံးတန်ဖိုး ကျပ် သိန်း ၃ဝဝ လောက် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဇွန်လ ၁၉ ရက်မှာ Chindwin attack force ရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခုအတွင်း တဖွဲ့က ဂဟေဆော်နေချိန် နောက်တဖွဲ့က ကျည်ဘောက်လုပ်နေတဲ့အချိန် မီးပွါးကတဆင့် မတော်တဆ လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၂-၃-၄ Chindwin Attack Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မတော်တဆမှုတစ်ခုကြောင့် ဖြစ်သွားတာပါ။ လက်လုပ်မောင်းပြန်၊ လက်နက်ကြီး၊ ဗုံးသီး အကုန်လုံး ပါသွားပါတယ်၊ ယမ်းချည်းပဲကို ကျပ် သိန်း ၁၇ဝ ဖိုးလောက်မီးထဲပါသွားတာ ပါ။ ပေါက်ကွဲမှုတွေ ဖြစ်ပေမဲ့ လူထိခိုက်တာတော့မရှိဘူး ခင်ဗျ။ အခုလိုဖြစ်သွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။”
မီးလောင်မှုကြောင့် မီးစက်တွေ၊ တွင်ခုံ၊ ယမ်းစိမ်း၊ လက်လုပ်မောင်းပြန်ရိုင်ဖယ်၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေ ပါသွားတဲ့အတွက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်း ထားပါတယ်။