Home
မြန်မာသတင်း
ကံပေါက်ဒေသရှိ မူကြိုကျောင်းပိုင်ရှင် လင်မယားကို စစ်တပ် ဖမ်းဆီး
DVB
·
June 21, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သီရိမင်္ဂလာရပ်ကွက်မှာ ဇွန် ၁၉ ရက် ညက ရင်ခွင်သစ်ပုဂ္ဂလိကမူကြိုကျောင်း ပိုင်ရှင်ဖြစ်သူ မဥမ္မာအောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်ဦးတို့ကို နေအိမ်မှာပဲ စစ်ကောင်စီတပ်က ကား ၃ စီးနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဥမ္မာအောင်ဟာ အရင်က Total သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ရတနာ လူမှုစီးပွားစီမံကိန်းက ဝန်ထမ်းဟောင်းတဦးဖြစ်ပြီး စီမံကိန်းရပ်နားပြီးနောက် အရင်နှစ်ကစပြီး ပုဂ္ဂလိက မူကြိုကျောင်း တည်ထောင်ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။ ဦးအောင်ဇော်ဦးကတော့ ကျောက်သယ်ကား မောင်းနှင်တဲ့ ယာဉ်မောင်းအလုပ် လုပ်ကိုင်သူ ဖြစ်ပါတယ်။

မဥမ္မာအောင်ရဲ့ မိတ်ဆွေတဦးက “မဥမ္မာတို့က အနေအထိုင်ရှင်းပါတယ်။ စကားတောင် မှားအောင်ပြောတာ မဟုတ်ဘူး။ အခု အဖမ်းခံရတာတောင် အံ့သြသွားတယ်။ ဘာကြောင့် ဖမ်းလဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

မဥမ္မာအောင်နဲ့ ဦးအောင်ဇော်ဦးကို ဇွန် ၂၀ ရက် ညနေပိုင်းအထိ မောရဝတီရေတပ်မှာ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကံပေါက်ဒေသမှာ စစ်တပ် အာဏာသိမ်းမှုမဖြစ်မီက သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေရဲ့ လူမှုစီးပွားအကူအညီနဲ့ ကိုယ်ထူကိုယ်ထ မူကြိုကျောင်း ၂ ကျောင်းနဲ့ ပုဂ္ဂလိက မူကြိုကျောင်း ၂ ကျောင်း ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကိုယ်ထူကိုယ်ထ မူကြိုကျောင်းတကျောင်းသာ ပြန်လည်ဖွင့်လှစ်နိုင်ကာ အရင်ကဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိက မူကြိုကျောင်း ၂ ကျောင်းလည်း ပိတ်သိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ အခုအဖမ်းခံရတဲ့ မဥမ္မာအောင်က ပုဂ္ဂလိက မူကြိုကျောင်းအသစ် ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024