Home
မြန်မာသတင်း
မုန်တိုင်းဘေးအကူအညီများကို စစ်ကောင်စီ တားဆီးမှုကြောင့် လူလုပ်သည့်ကပ်ဘေး ဖြစ်လာပြီဟု HRW ပြော
DVB
·
June 21, 2023

မြန်မာနိုင်ငံမှာ မုန်တိုင်းဘေးအကူအညီတွေကို ပိတ်ပင်တားမြစ်ထားတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကြောင့် ဆိုးရွားတဲ့ ရာသီဥတုရဲ့ သဘာဝဘေးအန္တရာယ်ကနေ လူလုပ်တဲ့ ကပ်ဘေးအဖြစ်ကို ပြောင်းလဲနေပြီဖြစ်တယ်လို့ HRW ရဲ့ အာရှသုတေသီ ရှာနာဘောက်ချနာက ပြောကြားလိုက်ပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေဆီ  ပို့ဆောင်မယ့် ကယ်ဆယ်ရေးအကူအညီတွေကို မြန်မာစစ်အာဏာရှင်တွေက ပိတ်ဆို့ထားတာနဲ့ ပတ်သက်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

မေလ ၁၄ ရက်က မြန်မာနိုင်ငံကို စတင်ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာဟာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ကုလသမဂ္ဂ အေဂျင်စီတွေအပါအဝင် နိုင်ငံတကာကနေ မုန်တိုင်းကယ်ဆယ်ရေးအတွက်ပေးပို့မယ့်  အကူအညီတွေရှိနေခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာစစ်အာဏာရှင်တွေဟာ ကယ်ဆယ်ရေးလုပ်သားတွေကို ခရီးသွားလာခွင့်နဲ့ ဗီဇာတားမြစ်ထားတာတွေ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေကို အချိန်မီပေးပို့နိုင်ခြင်းမရှိအောင် တားမြစ်ထားတာတွေ၊ အခက်အခဲနဲ့ ပိတ်ဆို့မှုတွေကို မလျော့ပေးတာတွေ၊ အသက်ကယ်ဆယ်ရေး အကူအညီတွေကို မလိုအပ်ဘဲ ပိတ်ဆို့ထားတာတွေ ဆောင်ရွက်နေတယ်လို့ HRW က ပြောပါတယ်။   

စစ်အာဏာရှင်တွေရဲ့ အရင်ရှိနှင့်ပြီးသား ပိတ်ဆို့တားမြစ်မှုတွေအပြင် နောက်ထပ်ပိတ်ဆို့မှု အသစ်တွေကြောင့် မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ နာဖျားမကျန်းဖြစ်မှုတွေနဲ့ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

အဲဒါကြောင့် ဒေသတွင်းအဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ ကုလသမဂ္ဂတို့ကနေ ကူညီကယ်ဆယ်ရေးအပေါ်မှာ ချမှတ်ထားတဲ့ တားမြစ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီကို အလေးအနက် တောင်းဆိုသင့်တယ်လို့ HRW က ပြောပါတယ်။

တချိန်တည်းမှာ သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်ကိုလည်း သက်ဆိုင်ရာ စစ်အာဏာရှင်တွေ တာဝန်ခံမှုရှိစေရေးကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလှူရှင်တွေအနေနဲ့လည်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အရေးပေါ်လိုအပ်နေတဲ့ အကူအညီ အလျင်အမြန်ရရှိရေးအတွက် နိုင်ငံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ထားတာတွေကို လျော့ချဖို့ စစ်ကောင်စီကို တိုက်တွန်းတောင်ဆိုသင့်တယ်လို့ HRW ရဲ့ အာရှသုတေသီ ရှာနာဘောက်ချနာက ပြောပါတယ်။

မုန်တိုင်းဝင်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တားမြစ်ပိတ်ဆို့မှုတွေကြောင့် ကယ်ဆယ်ရေးအတွက် လိုအပ်တာတွေကို အချက်အလက်စုဆောင်းဖို့၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့နဲ့ ဆေးဝါးနဲ့ကျန်းမာရေး ထောက်ပံ့ကူညီမှုတွေပေးဖို့ အစရှိတဲ့ သူတို့ရဲ့ လုပ်ငန်းတွေမှာ နှောင့်နှေးခဲ့ရတယ်လို့  HRW က အင်တာဗျူးခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ မုန်တိုင်းကို အကြောင်းပြုပြီး သူတို့ရဲ့ အာဏာပိုမိုခိုင်မာစေရေးကိုကို ဆောင်ရွက်နေတယ်လို့  မြင်ကြောင်း ကယ်ဆယ်ရေးလုပ်သားတွေ၊ ဒေသခံတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မိုခါမုန်တိုင်းဟာ ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက အင်အားအပြင်းဆုံး တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး လမ်းကြောင်းတလျှောက်မှာ အပျက်အစီး အမြောက်အမြား ဖြစ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာရှိတဲ့ လူပေါင်း ၇ ဒသမ ၉ သန်းက မုန်တိုင်းဒဏ်ကို ခံစားရနိုင်ပြီး ၁ ဒသမ ၆ သန်းကတော့ အရေးပေါ်အကူအညီတွေ လိုအပ်နေလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီး အဆောက်အဦး ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသလို ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် သတင်းရရှိမှု နှောင့်နှေးခဲ့ပြီး အဆက်အသွယ်မရသေးဘဲ ကျန်နေတဲ့ အဖွဲ့တွေလည်း ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွက် မုန်တိုင်းဘေးအကူအညီတချို့ရရှိပေမဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက သဘာဝဘေးရော စစ်ဘေးပါခံစားနေရတဲ့ ပြည်သူတွေအတွက် တော့ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ပိတ်ဆို့တားမြစ်မှုတွေကြောင့် အကူအညီတွေပေးခွင့် မရသလို နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားခွင့်မရပါဘူး။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီရေး၊ ရိက္ခာနဲ့ ပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေဆီကို လွှဲအပ်ရမယ်လို့ စာ ထုတ်ပြန်လိုက်ပြီးနောက် ဇွန်လ ၈ ရက်နေ့မှာ ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေကို အရင်က ပေးထားတဲ့ ခရီးသွားလာခွင့်တွေ ပြန်လည်ရုတ်သိမ်း ပိတ်ပင်လိုက်လိုက်တာအပါအဝင် ခရီးသွားလာခွင့်အားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေကတော့ ယာယီခိုလှုံရာနေရာ ပျက်ဆီးဆုံးရှုံးရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ ရေကတတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံစားနေရတာတွေ၊ အာဟာရချို့တဲ့ ပြန်လပ်မှု၊ သန့်ရှင်းတဲ့ အစာနဲ့ ရေ မရရှိနိုင်တာ အပါအဝင် လိုအပ်ချက်များစွာ ရှိနေခဲ့ပါတယ်။

အဲဒီ တားမြစ်ပိတ်ပင်ချက် ထွက်လာခဲ့ပြီးနောက်မှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရာမနသန်ဘာလာခရစ်ရှ်နန်က “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်တယ်ဆိုတဲ့ ကိစ္စဟာ ဘယ်လိုမှ နားလည်ပေးလို့မရနိုင်ဘူး။ ကျနော်တို့ရဲ့ အကူအညီ အလိုအပ်ဆုံးဖြစ်နေတဲ့သူတွေဆီက အစားအစာ၊ သောက်သုံးရေနဲ့ တခြားနေရေးထိုင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့တာကို ဖိအားပေးရပ်ခိုင်းတာခံခဲ့ရတယ်။ သူတို့ဒီလိုလုပ်တော့ ဘေးဒုက္ခခံနေရတဲ့ သူတွေက မလိုအပ်ဘဲ အချိန်ပိုကြာကြာ ဒီဒုက္ခတွေကို ခံစားနေရတာပေါ့” လို့ ပြောပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ် တင်အောင်စန်းနဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ ဦးဆောင်တဲ့ ဗိုလ်ချုပ် ၁၈ ယောက်ကို စစ်ကောင်စီက တာဝန်ပေးခဲ့ပါတယ်။

ဦးဆောင်သူနှစ်ယောက်လုံးဟာ အမေရိကန်၊ ဥရောမသမဂ္ဂနဲ့ ကနေဒါတို့ကနေ ပိတ်ဆို့ဒဏ်ခတ် အရေးယူခံထားရသူတွေဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံး စစ်ဆင်ရေးဆောင်ရွက်ခဲ့စဉ်က ရခိုင်ပြည်နယ်မှာ ဒုတိယတိုင်းမှူးအဖြစ်ရှိနေခဲ့တဲ့ ဗိုလ်မှူးချုပ် ဆန်နီအုံးနဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ ရက်ရက်စက်စက်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပေးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး အေးဝင်းတို့လည်း အဲဒီ ၁၈ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်ပိတ်ဆို့မှုဒဏ်တွေကို မုန်တိုင်းဒဏ်ခံ ဒေသခံတွေကထပ်မံ ခံစားကြရပါတယ်။

“စစ်တပ်က သူတို့ကိုယ်တိုင်လည်း ဘာမှလုပ်မှာမဟုတ်ဘူး၊ လာကူမယ့်သူတွေလည်း လက်မခံဘူး။ ဘာလို့ ဒီလိုလုပ်လဲဆိုတာ နားကို မလည်နိုင်ဘူး။ ဒီမှာကလေးတွေရော ဒုက္ခရောက်နေကြတယ်။ ကျနော်တို့ နေစရာ၊ စားစရာနဲ့ ဆေးဝါးအကူအညီတွေလိုနေတယ်။ မိုးရာသီစပြီဆိုတော့ နောကထပ်လည်း မိုးကလာဦးမှာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်ပိတ်ဆို့မှုတွေဟာ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေကို အဆီးအတားမရှိလုံခြုံစွာ ပေးပို့နိုင်ဖို့ တောင်းဆိုထားတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုတွေ ခွင့်ပြုပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို မထေမဲ့မြင်ပြုနေတယ်လို့ HRW ကဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးအနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခြင်းကနေ တားမြစ်ဖို့၊ စစ်ကောင်စီက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုဖို့၊ စစ်အာဏာရှင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့တွေ ပါဝင်တဲ့ နောက်ထပ် ဆုံးဖြတ်ချက်ကိုလည်း အလျင်အမြန် အတည်ပြုချမှတ်သင့်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာHRW က ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ မိုခါမုန်တိုင်းဘေး ကူညီကယ်ဆယ်ရေး တွေကို နေ့စဉ် ဝေဝေဆာဆာဖော်ပြနေပါတယ်။ 

မုန်တိုင်းအလွန် ကာလမှာ ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဇွန် ၅ ရက်နေ့အထိ တန်ချိန်ပေါင်း  ၁၇၉၀၀) ကျော်ကို  စစ်ဘက်၊ အရပ်ဘက် ရေယာဉ်၊ လေယာဉ်တွေနဲ့  ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြီးခဲ့တဲ့ သီတင်းပတ်နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။

မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ရေလမ်း၊ ကုန်းလမ်းနဲ့ ပေးပို့ရာမှ  ဒီဇယ်ဆီ ဂါလန်ပေါင်း ၂ သိန်းခွဲကျော်နဲ့   ချောဆီ ဂါလန် ၂၂၀၀ ကျော် သုံးစွဲခဲ့တဲ့အပြင် စစ်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့လည်း အခေါက်ရေ ၁၅၂ ခေါက်အတွက်  လေယာဉ်ဆီ ဂါလံပေါင်း ၁ သိန်းခွဲနီးပါး   သုံးစွဲခဲ့တယ်လို့လည်း ပြောပါတယ်။

PHOTO-UNDP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024