ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမ၊ ကားကြီးဂိတ်မှတ်တိုင်အနီးမှာ ဇွန် ၂၀ ရက် မနက်ပိုင်းက ကား ၂ စီးတိုက်မိပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Medical လူငယ်များအသင်းက ပြောပါတယ်။
မနက် ၆ နာရီလောက်က လမ်းမကြီးအတိုင်း တောင်ဒဂုံဘက်ကို မောင်းနှင်လာတဲ့ လူ ၅ ဦးပါ ပရိုဘောက် တက္ကစီယာဥ်ကို ကြက်သယ်ဆောင်လာတဲ့ ဟိုက်ဂျက်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။
Medical လူငယ်များအသင်း ဒုတာဝန်ခံက “ကား ၂ စီးစလုံးက မြို့ထဲဘက်ကလာပြီး တောင်ဒဂုံဘက်ကို သွားတာ။ ဟိုက်ဂျက်က ဘရိတ်ပေါက်ပြီး ပရိုဘောက်ဘက်ကို ဆွဲရှောင်ရင်း ဖြစ်သွားတာ။ လူနာက တက္ကစီပေါ်က ၅ ဦးစလုံးပါပဲ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ကား ၂ စီးစလုံးရဲ့ ရှေ့မှန်နဲ့ ခေါင်းခန်းတို့ ပျက်စီးတိမ်းမှောက်သွားပြီး တက္ကစီပေါ်ပါ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားမှာ လက်ကျိုးဒဏ်ရာ၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ခေါင်းပေါက် ဒဏ်ရာ၊ ကျန်အမျိုးသား ၂ ဦးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
တက္ကစီယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူတွေကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို Medical လူငယ်များအသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာ မရရှိပေမဲ့ ကားနောက်ခန်းရှိ ကြက်တချို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ[ Medical လူငယ်များ ]